ပေါက်ခေါင်း ဒီဇင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့နံနက် ၈ နာရီက မြို့နယ်ပြည်သူ့ ဆေးရုံကြီးနှင့် ကျေးလက်ဆေးခန်း ဆေးထိုးစုရပ်အသီးသီးတွင် ပုံမှန်ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်(၅) ရပ်ကွက်နှင့် ကျေးရွာ အုပ်စုများမှ မွေးစ(၂)လမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား အသည်းရောင်အသား ဝါ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး) ပြင်းထန် ဝမ်းပျက် ဝမ်းလျော (ရိုတာဗိုင်းရပ် ကာကွယ်ဆေး) ပြင်းထန်အဆုပ်ရောင်(ပီဗွီစီ) ဝက်သက်ဂျိုက်သိုး ရောဂါ ကာကွယ်ဆေးများကို အသက်အရွယ် အလိုက် သက်ဆိုင်ရာဆေးများကို ထိုးနှံပေးပြီး ပိုလီယိုအကြာသေ ကာကွယ်ဆေးများကိုလည်း တိုက်ကျွေး ပေးခဲ့ကြောင်းနှင့် အဆိုပါ ကာကွယ်ဆေးထိုး၊ တိုက်ကျွေးခြင်း များကို လဆန်းပိုင်း (၁)ရက်နေ့မှ(၃)ရက်နေ့အထိ လစဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှသိရသည်။
ထို့အပြင် ကျေးရွာအုပ်စုများတွင်လည်း သက်ဆိုင်ရာကျေးလက်ကျန်းမာရေးဌာနခွဲများ၌ ကာကွယ်ဆေးထိုး ဆေး တိုက်ခြင်းလုပ်ငန်းများကို ကျေးလက်ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန်းထွန်းအောင်