သထုံ ဒီဇင်ဘာ ၁
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ဆင်းရဲနွမ်းပါးမှူလျော့ချရေး လုပ်ငန်းစဉ် တစ်ခုအဖြစ် အခမဲ့ဖွင့်လှစ်ခဲ့သည့် ကျေးလက်နေအမျိုးသမီးများ ဝင်ငွေတိုးပွားစေရေး သက်မွေးအထောက်အကူပြု အခြေခံအပ်ချုပ်စက် သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်က မွန်ပြည်နယ်၊ သထုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး ခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးမိုးဝင်းက သင်တန်းဆင်း ဂုဏ်ပြုအမှာစကား ပြောကြားပြီး သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းမှာ ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိပြီး ကျေးလက်နှင့် မြို့ပြကွာဟမှု ကျဉ်းမြောင်းလာစေရန်နှင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း တစ်ခုအဖြစ် ရပ်တည်လုပ်ကိုင် နိုင်စေရန် ရည်ရွယ်ကာ တစ်လကြာ အခမဲ့ စားရိတ်ငြိမ်း ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး ကျွမ်းကျင်နည်းပြများက အခြေခံလက်ချုပ်၊ ပုဆိုး၊ လုံချည်၊ ဘလောက်(စ်)အင်္ကျီ၊ ရင်ဖုံး/ရင်စေ့အင်္ကျီ၊ စကတ်၊ ဂါဝန်စသည့် အခြေခံစက်ချုပ် ဘာသာရပ်များကို သင်ကြားပေးခဲ့ကြောင်း သိရသည်။
ကိုကိုဦး(ပြန်/ဆက်)