အမ်း ဒီဇင်ဘာ ၁
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ “ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုများ၊ တပ်ရင်း/တပ်ဖွဲ့များသို့ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဌေးအောင်က အဖွင့်အမှာစကား ပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်းက ပန်းခင်းစီမံချက်၏ ရည်ရွယ်ချက်နှင့် ဆောင်ရွက် ပြီးစီးမှုအခြေအနေကို ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ် ဦးစီးမှူးတို့က တပ်ရင်း/တပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာအုပ်စုများမှ ဒေသခံ တိုင်းရင်းသား ပြည်သူများထံ နိုင်ငံသား စိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေ စာရင်းများအား အသီးသီး ပေးအပ်ခဲ့ကြသည်။
အမ်းမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် (၂၄-၁၁-၂၀၂၁)ရက်နေ့ထိ ဆောင်ရွက်ပြီးစီးမှုမှာ ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၇)အုပ်စု၊ တိုက်ပွဲရှောင်စုရပ်(၂)ခု၊ တပ်ရင်း/တပ်ဖွဲ့(၁၅)ခုတို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြား(၃၂၅၁)ကတ်၊ အိမ်ထောင်စု လူဦးရေစာရင်း(၁၄၄၆)စောင်၊ ဆောင်ရွက်ပြီးစီးမှု ရာခိုင်နှုန်း(၃၄%) ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုးမင်းထွန်း