ကျောင်းကုန်း ဒီဇင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် စေတနာ့ဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်း အနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အေးချမ်းသာယာခန်းမ၌ ယနေ့နံနက် ၉ နာရီခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးစိုးဝင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြတဲ့အတွက် ဝမ်းသာဂုဏ်ယူပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများတွင်လည်း ဆက်လက်ပူးပေါင်းပါဝင်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေများကို စေတနာ့ဝန်ထမ်း(Volunteer) အဖွဲ့များဖြစ်သည့် မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့၊ အောက်ဆီဂျင်ရှာဖွေရေး ပရဟိတအဖွဲ့များဖြစ်သည့် ဧရာဝတီအမျိုးသား ညွန့်ပေါင်းအဖွဲ့၊ စိုင်းနောင်နောင်အဖွဲ့၊ ကိုကိုမောင်အဖွဲ့၊ သစ္စာရှင်လူမှုကူညီရေးအဖွဲ့၊ မီးသင်္ဂြိုလ်စက်အဖွဲ့၊ သံဝေဂလုလင်နာရေး ကူညီမှုအဖွဲ့များအား တစ်ဖွဲ့လျှင် ငွေကျပ်(၅)သောင်းစီကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)