ပွင့်ဖြူ ဒီဇင်ဘာ ၁
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်အတွင်း ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုး တက်လာစေရေးအတွက် တောင်သူပညာပေးစိုက်ပျိုးထားရှိသည့် သုတေသနစမ်း သပ်ကွက် သက်လျှင် အထွက် ကောင်းစပါးမျိုးများ စံကွက်ရိတ်သိမ်းပွဲကို ဒီဇင်ဘာ ၁ ရက် ၊ ယနေ့ နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ တောင်သူ ဒေါ်ထွေးထွေး၏ ကွင်းအမှတ်(၈၉၅) စပါးစိုက်ခင်းတွင် ကျင်းပသည်။
စံကွက်ရိတ်သိမ်းရာတွင် ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးမိုးနှင့် ဝန်ထမ်းများက တောင်သူ ပညာပေး သုတေသနစမ်းသပ်ကွက် စိုက်ပျိုးထားသည့် သက်လျှင် အထွက်ကောင်းစပါးမျိုးများဖြစ်သော ထိုင်းဆန်မွှေး ၊ ရက်(၉၀) ၊ လယ်တောကြီး ၊ ချမ်းမြေ့မေ စပါးမျိုး(၄)မျိုး ယှဉ်ပြိုင်စိုက်ပျိုးထားရှိမှုနှင့် ဆန်စပါး စိုက်ပျိုး ရာတွင် သီးနှံ အထွက်နှုန်းတိုးတက် ကောင်းမွန်ရေး အတွက် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရန် အချက်များ ၊ စိုက်နည်း စနစ်မှန်ကန်ရေး လိုက်နာရန်အချက်များ ၊ သီးနှံဖျက်ပိုးရောဂါကြိုတင် ကာကွယ်နှိမ်နင်းရန်နည်းလမ်းများ ၊ မျိုးကောင်းမျိုး ကောင်းရရှိအောင် ဆောင်ရွက်ရန်အချက်များနှင့် ထားသိုထိန်းသိမ်းစနစ်များကို ဒေသခံတောင်သူများကို အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် ကံသာကြီးကျေးရွာ တောင်သူ ဒေါ်ထွေးထွေး၏ လယ်မြေတွင် စိုက်ပျိုးထားရှိသော သုတေသနစမ်းသပ်ကွက် သက်လျှင်အထွက်ကောင်းစပါးမျိုး(၄)မျိုး ယှဉ်ပြိုင်စမ်းသက်ကွက်မှ ချမ်းမြေ့မေမျိုးစပါး ( သုည ဒသမ ၂၅)ဧက အား မျိုးစပါးစံ ကွက်ရိတ်သိမ်းရာ တစ်ဧက ပျမ်းမျှ စပါးတင်းရေ(အစို) ၁၀၉ ဒသမ ၃၇ တင်း ၊ (အခြောက်) ၉၈ ဒသမ ၄၃ တင်း ထွက်ရှိခဲ့ကြောင်းသိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)