မွန်ပြည်နယ် မုဒုံမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကဒ်မရှိသေးသည့် ပြည်သူများအားကွင်းဆင်း ဆောင်ရွက်ပေး

မုဒုံ သြဂုတ် ၂၁

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကဒ်မရှိသေးသည့် ပြည်သူများကို ယနေ့ နံနက် (၁၀)နာရီက မြို့မ(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကွင်းဆင်းပြုလုပ်ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ပြုလုပ်ဆောင်ရွက်ပေးရာတွင် ၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၌ ပြည့်စုံသော အခြေခံမဲဆန္ဒပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် အသက်(၁၈) နှစ် ပြည့်ပြီး နိုင်ငံသား စိစစ်ရေး ကဒ်ပြားမရှိသေးသည့် ပြည်သူများကိုမုဒုံမြို့နယ် လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ် ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမင်းလတ်၊ (ဒု/လ.ဝ.ကမှူး)နှင့်ဝန်ထမ်းများက မုဒုံမြို့နယ် မြို့မ(၁)ရပ်ကွက်ရှိ နိုင်ငံသား စိစစ်ရေး ကတ်မရှိသေးသည့်ပြည်သူ(၅၆)ဦးအားပြုလုပ်ပေးခဲ့သည်။

မုဒုံမြို့နယ် အနေဖြင့် ရပ်ကွက်/ကျေးရွာ (၁၉)အုပ်စုတို့တွင်ဆောင်ရွက်ပေးခဲ့ပြီးကျန်ရှိနေသော ရပ်ကွက်/ ကျေးရွာ များကို ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အောင်မျိုးသူ(မုဒုံ)