တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်းညိှနှိုင်းအစည်းအဝေး ကျင်းပ

ပဲခူး  ဒီဇင်ဘာ  ၁

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညိှနှိုင်းအစည်းအဝေးအား Online Zoom Meeting System  ဖြင့် ကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း ကျဆင်းသွားသော်လည်း ကိုဗစ်-၁၉ စည်းကမ်းချက်နှင့် သွားလာနေထိုင်နိုင်ရေး တင်းတင်းကြပ်ကြပ် ဆက်လက်ဆောင်ရွက်သွားရန်၊ အကြောင်းမျိုးမျိုးကြောင့် ကျန်ရှိသော အခြေခံပညာ ကျောင်းသား/သူများ ရာနှုန်းပြည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးသွားရန်၊ အများပြည်သူပါဝင်သည့် လူထုအားကစား လှုပ်ရှားမှုများလည်း သတ်မှတ်ထားသည့် အားကစားပြက္ခဒိန်အတိုင်း ကျင်းပဆောင်ရွက်သွားရန်၊ အခြေခံ စားသောက်ကုန်များ ဈေးနှုန်းမြှင့်တက်မှုမရှိစေရေး အဖွဲ့စနစ်ဖြင့် ကွင်းဆင်းစိစစ်ဆောင်ရွက်သွားရန်၊ ပွင့်လင်း ရာသီရောက်ပြီဖြစ်၍ မြို့တိုင်း သန့်ရှင်းသပ်ရပ်စေရေးနှင့် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုမရှိစေရေး ဆောင်ရွက် သွားရန်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားကြရန်၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်နှင့် လိုင်စင်မဲ့မော်တော်ယာဉ်များအား ဖမ်းဆီးခြင်းလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရန်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ အဆင့်တိုးတက်စေရန်နှင့် ဒေသ ထွက်ကုန်များ ဈေးနှုန်းမြင့်မားမှုမရှိစေရေး ဆောင်ရွက်ရန်နှင့် ကားလမ်းများတွင် ဆိုင်ကယ်စီးလမ်းများ ရေးဆွဲထားရန် ပြောကြားခဲ့သည်။ 

ထို့နောက် အစိုးအရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတွင်းရေးမှူးတို့က ဌာနဆိုင်ရာရုံးလုပ်ငန်းများ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး၊ ဘဏ္ဍာငွေအရ/အသုံးဆိုင်ရာကိစ္စရပ်များ၊ စိုက်ပျိုးရေးနှင့် ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ နှင့် သီးခြားလမ်းညွှန်ချက်များအား တင်ပြခဲ့ကြပြီး တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များက ရုံးလုပ်ငန်းများ ပုံမှန်ဆောင်ရွက်နေမှုနှင့် သီးခြားလုပ်ငန်းလိုအပ်ချက်များအား တင်ပြခဲ့ကြရာ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

ဝဏ္ဏမောင်