နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့တွင် တစ်ပိုင်တစ်နိုင် ကြိမ်ပလိုင်းများ ရက်လုပ်ခြင်းဖြင့် မိသားစုဝင်ငွေရရှိ

ထန်ပါခွေ  နိုဝင်ဘာ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ ထန်ပါခွေ မြို့တွင်  နာဂဒေသ အသုံးအဆောင်ဖြစ်သော တစ်ပိုင်တစ်နိုင် ကြိမ်ပလိုင်း၊ တောင်းများ၊ ရိုးရာဆန်ကောများ ရက်လုပ်ခြင်းဖြင့် မိသားစုဝင်ငွေ ရရှိလျက်ရှိသည်။

အဆိုပါမြို့တွင် ကြိမ်၊ နှီး၊ ဝါးများဖြင့် ပြုလုပ်ထားသည့် နာဂဒေသအသုံးအဆောင်ဖြစ်သော  ပလိုင်းအစိတ်၊ အကျဲ၊ ဆန်ချင့်သည့်တောင်း၊ တောင်းအသေး၊ အကြီး၊ ငါးဖမ်းမြှုံး၊  ရိုးရာဆန်ကောများ အစရှိသည်တို့ကို ဒေသခံများက အများဆုံး တွင်ကျယ်စွာ အသုံးပြုလျက်ရှိသည်။

၎င်းအသုံးအဆောင်များ ရက်လုပ်သူ ဒေသခံ ဦးဟန်ကြည်က "ပလိုင်းတစ်ခုရက်လုပ်လျှင် အချိန် ၄ နာရီခန့်ကြာမြင့်ကြောင်း၊ ကုန်ကြမ်းပစ္စည်းအနေဖြင့် ဝါး၊ ကြိမ်၊ နှီးများကို အသုံးပြုထားကြောင်း၊ ပလိုင်းတစ်ခုလျှင် (၁၀၀၀၀) ကျပ် ဝင်ငွေရရှိကြောင်း၊ ပလိုင်းများကို ဒေသခံများက ထင်းခွေ၊ ရေခပ်၊ တောင်ယာသွားသည့် အချိန်တွင် ထည့်စရာအဖြစ် ဘက်စုံအသုံးပြုကြကြောင်း၊ အချို့ကလည်း ပလိုင်းများကို လက်ဆောင်ပေးရန် အတွက်လည်း မှာယူကြကြောင်း၊ ပလိုင်းအစိတ်၊ အကျဲ၊ အသေး၊ အကြီးပေါ်မူတည်၍ ဈေးနှုန်းအပြောင်းလဲရှိကြောင်း၊ ရိုးရာဆန်ကောများကို ရက်လုပ်ရာတွင် နှီးကို အများဆုံး အသုံးပြုပြီး ဝါး၊ ကြိမ်များဖြင့် ရက်လုပ်ခြင်းဖြစ်ကြောင်း၊ တောင်ယာနားသည့်အချိန်တွင်  ၎င်းပလိုင်းများကို ရက်လုပ်ခြင်းဖြင့် တစ်ဖက်တစ်လမ်းကနေ မိသားစုဝင်ငွေ ရရှိကြောင်း "ပြောသည်။

ဟန်ထွန်း(အင်းဝ)