ရမ်းဗြဲ နိုဝင်ဘာ ၃၀
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြု့နယ်တွင် မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ခင်ရွှေနှင့် ဝန်ထမ်းများမှ ရမ်းဗြဲမြို့၊ အမှတ်(၄)ရပ်ကွက်၊ ကင်းတဲရပ်ရှိ ရေလုပ်ငန်း လုပ်ကိုင်လျက်ရှိကြသည့် ပြည်သူများအား ငါးသယံဇာတ ထိန်းသိမ်းရေးနှင့် ပလပ်စတစ် စွန့်ပစ်ပစ္စည်းများ မြစ်ချောင်းတွင်း စွန့်ပစ်ခြင်း ရှောင်ရှားကြရန်နှင့် မြစ်ချောင်းအင်းအိုင်များ သန့်ရှင်းရေး အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ငါးသယံဇာတထိန်းသိမ်းရေးနှင့် မြစ်ချောင်း အင်းအိုင်များ သန့်ရှင်းရေးအတွက် မြို့နယ်ဦးစီးမှူး ဒေါ်ခင်ခင်ရွှေမှ ငါးသယံဇာတ ထိန်းသိမ်းရေး လုပ်ငန်းများကို မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနအနေဖြင့် ပြည်သူများနှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့မြို့နယ်အတွင်းရှိ မြစ်ချောင်း အင်းအိုင်များ သို့ လူတို့၏ စွန့်ပစ်ပစ္စည်းများ၊ ပလပ်စတစ်ပစ္စည်းများ၊ ရာဘာစများ၊ စက်သုံးဆီများနှင့် ဓါတုပစ္စည်းများ စွန့်ပစ်မှုများ တွေ့ရှိနေရကြောင်း ၎င်းတို့ကို စွန့်ပစ်သည့်အတွက် ရေထုကို ညစ်ညမ်းစေပြီး သဘာဝဂေဟစနစ်များကို ပျက်စီးစေကြောင်း မြစ်ချောင်းများမှတစ်ဆင့် ပင်လယ်ထဲတွင်စုပုံပြီး ရေသတ္တဝါများကို အန္တရာယ်ဖြစ်စေပြီး မျိုးသုန်းပျက်စီး စေသဖြင့် မြစ်ချောင်း အင်းအိုင်များ သန့်ရှင်းရေးအတွက် ပြည်သူများမှလည်း ပူးပေါင်းပါဝင် ကူညီပေးကြရန် လိုအပ်ကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်းပြောသည်။
ထို့နောက် ရေလုပ်ငန်း လုပ်ကိုင်ကြသည့် ပြည်သူများ လိုက်နာဆောင်ရွက်နိုင်ရန်အတွက် ငါးဖမ်းလုပ်ငန်း ဆိုင်ရာများ၊ ငါးမွေးမြူခြင်းဆိုင်ရာ ဥပဒေများပါရှိသည့် အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေး ခဲ့ကြကြောင်း သိရသည်။
အောင်နိုင် (ပြန်/ဆက်)