မောင်တောမြို့၌ ကျေးလက်နေပြည်သူများအလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် အဆင့်မြင့် အမျိုးသမီးအိမ်တွင်းမှု စက်ချုပ်သင်တန်း ဖွင့်လှစ်

မောင်တော   နိုဝင်ဘာ  ၃၀

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ မောင်တောမြို့၌ ကျေးလက်နေပြည်သူများအလုပ်အကိုင် အခွင့်အလမ်းရရှိရေး အတွက် နယ်စပ်ရေးရာ ဝန်ကြီးဌာန ၊ ပညာရေး နှင့် လေ့ကျင့်ရေးဦးစီးဌာန ၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်း ကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၂)သင်တန်းဖွင့်ပွဲကို နိုဝင်ဘာ ၃၀ ရက်နေ့ နံနက်၉ နာရီအချိန် အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးက  အဖွင့် အမှာစကား ပြောကြားရာတွင် ကျေးလက်နေ ပြည် သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး နှင့် တစ်ဦးချင်းဝင်ငွေ တိုးပွား လာ ခြင်းဖြင့် ဆင်းရဲနွမ်းပါးမှု လျော့ချစေနိုင်ရေး စသည့် လုပ်ငန်းစဉ်များအတွက် အထောက်အကူပြုနိုင်စေနိုင်ရန် ရည်ရွယ်၍ ဖွင့် လှစ် ပေး ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် အမျိုးသမီး အိမ် တွင်းမှု လုပ်ငန်း ပညာသင်တန်းကျောင်းမှ ကျောင်း အုပ် ဆရာမကြီး ဒေါ်နီ လာကြည်မှ သင်တန်းမှ ပို့ချမည့် ဘာသာ ရပ်များ နှင့် သင်တန်းဆိုင်ရာကိစ္စရပ်များကို ရှင်း လင်းပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာသူများက ခင်းကျင်းပြသထားသည့် နမူနာလက်ရာများ နှင့် သင်ထောက် ကူ ပစ္စည်း များ အား လှည့်လည်ကြည့်ရှုအားပေးကြသည်။

အဆိုပါ သင်တန်းတွင်  သင်တန်းသူများမှာ ကျေးလက် နေဒေသခံ တိုင်းရင်းသူများဖြစ်ပြီး မောင်တောမြို့မှ ၃၃ ဦး ၊ ဘူးသီးတောင်မြို့မှ ၆ ဦး ၊ စစ်တွေမြို့မှ တစ်ဦး စုစုပေါင်း အဆင့်မြင့် သင်တန်းသူ (၄၀)ဦး တက်ရောက်သင်ယူမည်ဖြစ်ရာ  သင်တန်းကာလမှာ ၂၀၂၁ ခုနှစ် ၊နိုဝင်ဘာ (၃၀)ရက်နေ့မှ ၂၀၂၂ ခုနှစ် ၊မတ်လ (၃၁)ရက်နေ့ထိ  ကြာမြင့်မည်ဖြစ်သည်။ အခမ်း အနားသို့ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ လူမှုရေးအသင်းအဖွဲ့များ ၊ အိမ်တွင်းမှုပညာသင်တန်းကျောင်းမှ ဆရာမ များနှင့် သင်တန်း သူများ နှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြ ကြောင်း သိရသည်။

သက်လွင်စိုး  ခရိုင်(ပြန်/ဆက်)