သထုံ ဩဂုတ် ၂၁
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာတွင် ငါးလုပ်ငန်းဦးစီးဌာနမှ Covid-19 Economic Relief Plan ၏ Action Plan အရ ယနေ့ နံနက် ၉ နာရီက ငါးသားပေါက်များ အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် သထုံခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်လှလှဝေက ကိုဗစ်-၁၉ ကာလ၌ ထိခိုက်မှုရှိနေသည့် ငါးမွေးမြူရေးလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရန်နှင့် ငါးရိက္ခာ ဖူလုံစေပြီး စဉ်ဆက်မပြတ် ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ် ထောက်ပံ့ခြင်း ဖြစ်ကြောင်း အမှာစကားပြောကြားပြီး တာဝန်ရှိသူတို့က ဘီးလင်းမြို့နယ်အတွင်းရှိ ဝင်းပြန်၊ ရွှေကြည်၊ နောင်ကတုတ်၊ ရွှေရောင်ပြ စသည့်ကျေးရွာတို့မှ ငါးမွေး တောင်သူများ၏ ငါးမွေး ကန် ၂၈.၇၇ ဧကအတွက် ငါးမြစ်ချင်းနှင့် ငါးခုံးမ ငါးသားပေါက်ကောင်ရေ (၅၇၅၄၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ကိုဗစ်-၁၉ကာလ၌ အခြားစီးပွားရေးကဏ္ဍများနည်းတူ ငါးမွေးမြူရေးလုပ်ငန်းသည်လည်း ထိခိုက်မှုရှိသော ကြောင့် COVID-19 စီးပွားရေးကုစားမှု အစီအစဥ်အရ နိုင်ငံတော်အနေဖြင့် ငါးသားပေါက်များကို ထောက်ပံ့ ပေးလျှက်ရှိရာ မွန်ပြည်နယ်၌လည်း ငါးမွေးတောင်သူ ၁၀၀ ကျော်အတွက် ငါးသားပေါက်ကောင်ရေ ၁၂ သိန်း ကျော်ကို ထောက်ပံ့ပေးအပ် သွားမည် ဖြစ်ကြောင်း မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
သက်ဦး(သထုံ)