မင်းဘူး နိုဝင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီးတွင် တည်ဆောက်လျက်ရှိသော ဓာတ်လှေကားတာဝါဆောက်လုပ်နေမှု လုပ်ငန်းများအားလုံး ၇၄ ရာခိုင်နှုန်းကျော် တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း ဓာတ်လှေကားဆောက်လုပ်ရေးကုမ္ပဏီ Project မန်နေဂျာ ဦးသန်းလွင်ထံမှ သိရသည်။
ဓာတ်လှေကားတာဝါ (Lift Tower နှင့် Walk Way Bridge) တည်ဆောက်ရေး Phase-1 အပိုင်း အနေဖြင့် ယခုလက်ရှိ C3 Column နှင့် Lift Tower အမြင့် ၂၄.၅ မီတာ၌ ဓာတ်လှေကားနံရံအတွက် ပုံစံရိုက် ကွန်ကရစ်လောင်းရန် ပြင်ဆင်နေကြောင်း၊ Lift Walk Way Bridge လျောက်လမ်း ဒုတိယအပိုင်း အတွက် စတီးလက်ရမ်း၊ သံပန်းတပ်ဆင်ခြင်းနှင့် အမိုးများဆောင်ရွက်ပြီး ဖြစ်ကြောင်း၊ ဓာတ်လှေကား လျောက်လမ်း၏ တတိယအပိုင်းအတွက် လျောက်လမ်းသံပေါင်ကို ယခုရက်ပိုင်းအတွင်း တပ်ဆင်သွားမည်ဖြစ်ပြီး ကျန်အပိုင်းများကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ယနေ့အထိ ၇၄ ရာခိုင်နှုန်း ကျော်ပြီးစီးနေပြီး ၂၀၂၂ ခုနှစ် (၁)လပိုင်းအတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း Kyaw Thar Engineering Construction Group ကုမ္ပဏီမှ Project မန်နေဂျာ ဦးသန်းလွင်က ပြောသည်။
မန်းရွှေစက်တော်ဘုရား ဓာတ်လှေကားတာဝါကို နှစ်ကျိပ်ရှစ်ဆူစေတီတော်အနီးမှ ကိုးခန်းကြီး ဘုရားအထိ (အလျား ပေ ၂၁၀ x အမြင့် ၁၁၉ ပေ x အကျယ် ၁၂ ပေ)ရှိပြီး ဘုရားကြီးဘဏ္ဍာငွေမှ Phase-1 အဖြစ် ခွင့်ပြုငွေကျပ်သိန်းပေါင်း (၁၆၀၀၀)ခန့်ဖြင့် တည်ဆောက်နေကြောင်း၊ ဓာတ်လှေကား အဆောက်အဦ တည်ဆောက်ပြီးစီးပါက ဓာတ်လှေကားအစံကို Phase-2 အဖြစ် ခွင့်ပြုငွေ ကျပ်သိန်းပေါင်း (၂၃၀၀)ခန့်ဖြင့် အတက်နှင့် အဆင်းဟူ၍ Lift Tower နှစ်စင်းကို တပ်ဆင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ဓာတ်လှေကားတစ်စင်းကို လူ(၂၀)နှုန်းဖြင့် စုစုပေါင်း လူ(၄၀) လိုက်ပါစီးနင်း နိုင်မည်ဖြစ်ပြီး လုပ်ငန်းကာလမှာ (၂၉.၆.၂၀၂၁) ရက်နေ့မှ (၉.၁.၂၀၂၂) ရက်နေ့အထိဖြစ်ကာ ဘုရားပွဲတော်ချိန်မတိုင်မီ အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော် ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
မောင်မောင်(မင်းဘူး)