ပဲခူး နိုဝင်ဘာ ၂၉
ပဲခူးခရိုင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား (၈)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်ပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ပဲခူးတိုင်းဒေသကြီးအားကစားခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ(၂)ယောက်တွဲ ဗိုလ်လုပွဲစဉ်အဖြစ် ပဲခူးမြို့နယ်အသင်းနှင့် ဒိုက်ဦးမြို့နယ်အသင်း၊ (၃)ယောက်တွဲ ဗိုလ်လုပွဲစဉ်အဖြစ် ပဲခူးမြို့နယ်အသင်းနှင့် ဝေါမြို့နယ်အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာ များ၊ အားကစား ဝါသနာရှင်များက ကြည့်ရှုအားပေးကြသည်။
ထို့နောက်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်ရာ (၂)ယောက်တွဲပြိုင်ပွဲတွင် ဒုတိယဆု ရရှိသော ဒိုက်ဦးမြို့နယ်အသင်းအား ပဲခူးတိုင်းဒေသကြီးအားကာကော်မတီအဖွဲ့ဝင် ဦးတင်မြင့်မှ လည်းကောင်း၊ ပထမ ဆုရရှိသော ပဲခူးမြို့နယ်အသင်းအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပဲခူးခရိုင်ဦးစီးမှူး ဒေါ်ဖြူဖြူအေးမှလည်းကောင်း ဆုတံဆိပ်နှင့်ငွေသားဆုများကို ပေးအပ်ချီးမြှင့်ကြပြီး (၂)ယောက်တွဲပြိုင်ပွဲ တွင် ပထမဆုရရှိသည့် ပဲခူးမြို့နယ်အသင်းအား ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးအောင်ကြည်က တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် (၃)ယောက်တွဲပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ဝေါမြို့နယ်အသင်းအား ပဲခူးခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါ်သန္တာဝင်းမှလည်းကောင်း၊ ပထမဆုရရှိသော ပဲခူးမြို့နယ်အသင်းအား ပဲခူးတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးနေလင်းဦးက ဆုတံဆိပ်နှင့် ငွေသားဆုများကို လည်းကောင်း ပေးအပ်ချီးမြှင့်ကြပြီး (၃)ယောက် တွဲပြိုင်ပွဲတွင် ပထမဆု ရရှိသော ပဲခူးမြို့နယ်အသင်းအား ပဲခူးတိုင်းဒေသကြီးအားကစားနှင့် ကာယပညာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမြင့်ခိုင်မှ တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ပြီး အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကူးကြသည်။
အဆိုပါ ပဲခူးခရိုင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား (၈)မြို့နယ် အသက်(၂၅)နှစ် အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို နိုဝင်ဘာလ(၂၆)ရက်နေ့ (၂၈)ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့ပြီး ခရိုင်အတွင်းရှိ မြို့နယ်(၈)မြို့နယ်မှ မြို့နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်အသင်း(၁၆)သင်း၊ ပြိုင်ပွဲဝင် အားကစားသမား(၄၀)ဦး ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သတင်းရရှိသည်။
ဝဏ္ဏမောင်(တိုင်းဒေသကြီးပြန်/ဆက်)