ဆန်စပါး မျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်အောင်မြင်မှုများကြောင့် တောင်သူများ ဝင်ငွေကောင်းလျက်ရှိ

ပုသိမ်   နိုဝင်ဘာ   ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ပျဉ်းကတိုးကုန်းကျေးရွာ တောင်သူဦးအေးကြွယ်၏ လယ် ဧက ၂၀ တွင် မျိုးသန့်စပါး စိုက်ပျိုးထုတ်လုပ်အောင်မြင်မှုကြောင်း သိရသည်။ လယ်ဧက ၂၀ ကို သမရိုးကျစိုက်ပျိုးပြီး မျိုးကောင်းမျိုးသန့် စိုက်ပျိုးထုပ်လုပ်ဖို့ ရည်ရွယ်သော်လည်း အရင်းအနှီးငွေ မရှိခဲ့၍ စိုက်ပျိုးခြင်းမရှိခဲ့ရာက WHH အဖွဲ့၏ ကူညီပံ့ပိုးမှုဖြင့် မျိုးကောင်းမျိုးသန့်စပါးကို ထုတ်လုပ် အောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း ၊ ယခုအခါ မျိုးစေ့ထုတ်လုပ်ပြီး မျိုးစေ့သိုလှောင်ရုံ၊ ဂိုထောင်နှင့် စက်ကရိယာတွေပါ အစုံအလင် ပြည့်စုံနေပြီဖြစ်ကြောင်း တောင်သူဦးအေးကြွယ်ထံမှ သိရသည်။

WHH အဖွဲ့အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးကဏ္ဍ တိုးတက်လာစေရန် အကူအညီပေး ဆောင်ရွက်လျက်ရှိပြီး မျိုးစေ့ထုတ်တောင်သူများနှင့် မျိုးစေ့ထုတ်ကုမ္ပဏီများကို မျိုးသန့်စင်စက် ၊ စပါးအခြောက်ခံစက်နှင့် အခြားသောထောက်ပံ့မှုများနှင့် အရင်းအနှီးပြည့်စုံအောင် တောင်သူများ၏ အကျိုးစီးပွားတိုးတက်စေရန် အကျိုးတူလယ်ယာစနစ် Contract Farming စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် အဖွဲ့အစည်းဖြစ်ကြောင်းကို ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးမှ ညွန်ကြားရေးမှူး ဦးစိန်မောင်မြင့်ထံမှ သိရှိရပါသည်။

မျိုးကောင်းမျိုးသန့်စပါးမျိုး စိုက်ပျိုးရာတွင် သဘာဝမြေသြဇာကြွေးပြီး တောင်သူကိုယ်တိုင်လည်း သစ်ရွက်၊ ကောက်ရိုးများဖြင့် ဘိုကာရှီမြေသြဇာပြုလုပ်ရကြောင်း ၊ အပင်သန်မာကြီးထွားစေရန် မြေခံတီစူပါနှင့်ပုလဲမြေသြဇာကို အသုံးပြုသည့်အတွက် မျိုးသန့်မျိုးကောင်း ထွက်ရှိသဖြင့် မျိုးစေ့ထုတ်လုပ်သူတောင်သူများ လာရောက်လေ့လာမှုများလည်းရှိကြောင်း၊ ယခင်က မိုးစပါး တစ်ဧက စပါးတင်း (၄၀) ထွက်ရှိရာမှ ယခုအခါ မိုးစပါး တစ်ဧကကို တင်း(70)ထွက်ရှိပြီး ၊ နွေစပါးတစ်ဧက တင်း(၁၀၀)အနည်းဆုံးထွက်ရှိသဖြင့် မျိုးသန့်တစ်တင်းလျှင် ငွေကျပ်(၂၀၀၀၀)ရရှိကြောင်း မျိုးသန့် စိုက်ပျိုးထုပ်လုပ်သူ ဦးအေးကြွယ်ထံမှသိရသည်။

ပုသိမ်ခရိုင် ပြန်/ဆက်