မျိုးဆက်သစ် အားကစားသမားကောင်းများပေါ်ထွက်လာစေရေး အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး စားပွဲတင်တင်းနစ် ဗိုလ်လုပွဲယှဉ်ပြိုင်မှုနှင့် ဆုပေးပွဲကျင်းပ

မော်လမြိုင်  နိုဝင်ဘာ  ၂၉

၂၀၂၁ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ်အသက် (၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက မော်လမြိုင်မြို့၊ ပြည်နယ်အားကစားခန်းမတွင် ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အားကစားဝါသနာရှင်များ တက်ရောက်ကြပြီး အမျိုးသားတစ်ဦးချင်းအလိုက် နောက်ဆုံးဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးသည်။

အဆိုပါပြိုင်ပွဲကို အမျိုးသား၊ အမျိုးသမီးအသင်းအုပ်စု၊ တစ်ဦးချင်းအလိုက် နိုဝင်ဘာ ၂၆ ရက်မှ ၂၈ ရက်နေ့ထိ ယှဉ်ပြိုင်ကစားကြခဲ့ကြပြီးနောက် ဆုပေးပွဲကို ဆက်လက်ကျင်းပခဲ့ရာ အမျိုးသား၊ အမျိုးသမီး အတိုးတက်ဆုံး အားကစားသမားဆုကို မော်လမြိုင်နှင့် ပေါင်မြို့နယ်တို့အား ပြည်နယ်စားပွဲတင်တင်းနစ် ဆပ်ကော်မတီဥက္ကဋ္ဌ ဦးအောင်သိန်းကလည်းကောင်း၊ အမျိုးသမီး တစ်ဦးချင်း ပူးတွဲတတိယဆုကို သထုံနှင့်ပေါင်မြို့နယ်အား ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတင်မောင်ဆွေက လည်းကောင်း၊ အမျိုးသမီးတစ်ဦးချင်း ဒုတိယဆုကို မော်လမြိုင်မြို့နယ်အား ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်ကလည်းကောင်း၊ အမျိုးသမီးတစ်ဦးချင်း ပထမဆုကို ပေါင်မြို့နယ် အားပြည်နယ် အစိုးရအဖွဲ့တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးက လည်းကောင်း၊ အမျိုးသားတစ်ဦးချင်း ပူးတွဲတတိယဆုကိုမော်လမြိုင်မြို့နယ်၊ အမျိုးသား တစ်ဦးချင်း ဒုတိယဆုကို ကျိုက်မရောမြို့နယ်၊ အမျိုးသားတစ်ဦးချင်းပထမဆုကို ပေါင်မြို့နယ် တို့အား ပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးရဲမှူးကြီး သက်နိုင်ကလည်းကောင်း၊ အမျိုးသမီးအသင်းလိုက် ပူးတွဲတတိယဆုကို ကျိုက်မရောနှင့်သထုံ မြို့နယ်၊ အမျိုးသမီး အသင်းလိုက် ဒုတိယဆုကို ပေါင်မြို့နယ်တို့အား ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရေးရာဝန်ကြီး ဦးတင်ချယ်ကလည်းကောင်း၊ အမျိုးသားအသင်းလိုက် ပူးတွဲတတိယဆုကို ကျိုက်မရောနှင့် ကျိုက်ထိုမြို့နယ်၊ အမျိုးသားအသင်းလိုက် ဒုတိယဆုကို မော်လမြိုင်မြို့နယ်အသင်း တို့အား ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက လည်းကောင်း၊ အမျိုးသမီးအသင်းလိုက် ပထမဆုမော်လမြိုင်မြို့နယ်နှင့် အမျိုးသားအသင်းလိုက် ပထမဆု ရရှိသည့် ပေါင်မြို့နယ်တို့ကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက လည်းကောင်း ငွေသားဆု၊ ဆုတံဆိပ်နှင့် တံခွန်စိုက်ဒိုင်းဆုများ အသီးသီးချီးမြှင့်ပေးသည်။

မွန်ပြည်နယ်အနေဖြင့် မြန်မာ့အားကစား အဆင့်အတန်း တိုးတက်မြင့်မားစေရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူ၍ ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့်အတူ အားကစား နည်းအလိုက်ဆပ်ကော်မတီများ၏ တက်ကြွစွာပူးပေါင်းလုပ်ဆောင်မှု၊ အားကစားသမားများ၏ ဇွဲ၊ စိတ်ဓာတ်၊ လုံ့လတို့ဖြင့် ယှဉ်ပြိုင်ကြခြင်းဖြစ်ပြီး ကိုဗစ်-၁၉ အလွန်ကာလများ အားကစားကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပသွားမည်ဖြစ်ရာ မြို့နယ်၊ခရိုင်အဆင့်မှ ပြည်နယ်အဆင့်ထိ မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ချက် ကောင်းများဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်၊၊

ခရိုင်(ပြန်/ဆက်)