ချမ်းမြသာစည် ဩဂုတ် ၂၁
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများကို ပြည်သူများလေ့လာသိရှိနိုင်ရန် ယနေ့နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့မိမြို့ဖ၊ အောင်ပင်လယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ရပ်ကျေးကော်မရှင်များပူးပေါင်း၍ ရွေးကောက်ပွဲလက်ကမ်းစာစောင်၌ မဲဆန္ဒရှင်စာရင်းကြေညာချက်များကို ပြည်သူများ ကျယ်ကျယ်ပြန်ပြန့်သိရှိနိုင်ရေး၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရန်နှင့် မဲစာရင်းလာကြည့်သည့် ပြည်သူများအနေဖြင့် မဲစာရင်းတွင် မိမိအမည်မပါလျှင် ပုံစံ (၃) ဖြင့်လည်းကောင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူပါဝင်နေပါက ပုံစံ (၄) ဖြင့်လည်းကောင်း၊ အချက်အလက်များမှားယွင်းနေပါက ပုံစံ-၄ (ဂ) ဖြင့်လည်းကောင်း ပြင်ဆင်ဖြည့်စွက် လျှောက်ထားနိုင်ရန် စသည့်ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးခြင်းများပါဝင်သော အသိပညာပေးလက်ကမ်းစာစောင်များကို အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများဖြစ်သည့် အောင်ပင်လယ်ရပ်ကွက်အတွင်းရှိ ပြည်သူများကို ဖြန့်ဝေပေးခဲ့ကြသည်။
ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးပိုစတာနှင့် လက်ကမ်းစာစောင်များကို မြို့နယ်အတွင်းရှိ ရပ်ကွက်ကြီး (၁၄) ရပ်ကွက်၊ ရပ်ကျေးကော်မရှင်ရုံးများတွင်လည်းထားရှိပြသနိုင်ရေးနှင့် ပြည်သူများသို့ ဖြန့်ဝေနိုင်ရေးအတွက် ရပ်ကျေးကော်မရှင်အဖွဲ့ခွဲများထံသို့ ဖြန့်ဝေပေးပို့ပြီးဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
ဝေဖြိုးအောင်