ကန်ကြီးထောင့်မြို့တွင် လေဘေးသင့်အိမ်ထောင်စုအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့

ကန်ကြီးထောင့်  ဩဂုတ် ၂၁

ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဗမာမြောင်ကြီးကျေးရွာတွင် ဩဂုတ် ၁၉ ရက်နေ့က လေပြင်း တိုက်ခတ်မှုကြောင့် သစ်ပင်ပြိုလဲကာ နေအိမ်ပြိုကျပျက်စီးခဲ့သည့် အိမ်ထောင်စုအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးရုံးက ယနေ့နံနက် ၁၁ နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ရုံးခန်းမ၌ ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေး ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ငွေပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်စုံနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ပြိုကျပျက်စီးနေအိမ်တစ်လုံး၊ အိမ်ထောင်စုတစ်စုမှ မိသားစုဝင် ၄ ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုးပါ တစ်ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ် ၁ သိန်း နှင့် ခုနှစ်ရက်စာ ဆန်ရိက္ခာဖိုး ငွေကျပ် ၈၄၀၀ စုစုပေါင်း ရန်ပုံငွေ ၁၀၈၄၀၀ ကို ဘေးသင့်အိမ်ထောင်စု၏ လက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။

နန်းထိုက် (ပြန်/ဆက်)