စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ လှိုင်သာယာရပ်ကွက်၊ စက်မှုဇုန်နယ်မြေတွင် မီးလောင်မှုဖြစ်ပွား (နောက်ဆက်တွဲသတင်း)

ကလေး ဩဂုတ် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ လှိုင်သာယာရပ်ကွက်၊ စက်မှုဇုန်နယ်မြေ ကျန်စစ်သား လမ်းအတွင်းရှိ လောင်စာဆီဂိုဒေါင်တစ်ခုကို ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ ကလေးခရိုင်မီးသတ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်စန်းနှင့် ကလေးမြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ကိုဌေးတို့ ဦးဆောင်သော မီးသတ် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်း ၇၀ ဦးတို့သည် မီးငြှိမ်းသတ်ယာဉ် ၇ စီး၊ ဆီမီးငြှိမ်းသတ်ယာဉ် ၁ စီး ရေသယ်ယာဉ် ၁၁ စီး တို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ည ၁၀ နာရီ ၃၅ မိနစ်အချိန်ခန့်တွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုကို ကလေးခရိုင်အတွင်းရှိမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ မီးသတ်ယာဉ်များ၊ ချင်းပြည်နယ်ခိုင်ကမ်းမြို့ရှိ မီးသတ်တပ်ဖွဲ့ဝင်များ၊ မီးသတ်ယာဉ်များ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူများဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြရာ မီးလောင်မှု သည် လောင်စာဆီများအား မီးလောင်ခြင်းဖြစ်သည့်အတွက် မီးငြှိမ်းသတ်နေကြသည့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ကလေး)မှ တပ်သားအောင်ဝင်းလင်း ဝဲခြေထောက် အရေခွံပွန်းပဲ့သော ဒဏ်ရာ၊ တပ်သားမျိုးမြင့် ဝဲယာလက်ဖျံ ဆီပူလောင်သောဒဏ်ရာ၊ တပ်သားနေရဲထွန်း ယာမျက်ခုံးမီးဟပ်သောဒဏ်ရာ၊ တပ်သားမိုးဇော်ထွန်း မီးခိုးငွေ့ကြောင့် အသက်ရှုကြပ်ဝေဒနာ ခံစားရသောဒဏ်ရာတို့ကို ပုညကုသလနာရေးကူညီမှုအသင်းမှ လူနာတင်ယာဉ်ဖြင့် ကလေးမြို့ ကုတင် (၁၀၀) စစ်ဆေးရုံ သို့ပို့ဆောင်ပေးခဲ့ပြီး၊ ကလေးခရိုင်မီးသတ်စခန်းမှ ဝဲလက်ချောင်း နှစ်ချောင်း ပြတ်ရှဒဏ်ရာနှင့် မျက်နှာယာဘက်ခြမ်း အနည်းငယ်ဆီပူလောင်သော မီးသတ် တပ်ကြပ်ကြီး အောင်ပြည့်စိုး၊ ယာလက်ဖျံနှင့် မျက်နှာယာဘက်ခြမ်း ဆီပူလောင်သော မီးသတ်တပ်ကြပ်ကြီး အောင်မျိုးဦး၊ မီးခိုးငွေ့ကြောင့် အသက်ရှုကြပ်ဝေဒနာခံစားရသော မီးသတ် တပ်ကြပ်ကြီး ညီညီအောင်၊ ဝဲလက်ဖျံနှင့် မျက်နာယာဘက်ခြမ်း ဆီပူလောင်သော မီးသတ်တပ်သား ပေါလှတို့အား ကလေးမြို့ ကုတင်(၃၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသပေး ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဂါလံ ၈၀၀၀ ဆံ့ နောက်တွဲဆီယာဉ်အတွင်းမှ ဓာတ်ဆီများအား ပေပါအတွင်းသို့ ဖြည့်တင်းနေစဉ် ပွတ်တိုက်မှုဖြစ်ရာမှ တည်ငြိမ်လျှပ်စစ်ဖြစ်ပွားပြီး မီးစတင်လောင်ကျွမ်း ခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုကြောင့် အလျား ၄၀ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၃၀ ပေရှိ သွပ်မိုး၊ သွပ်ကာ၊ ကွန်ကရစ်ခင်း ဆီဂိုဒေါင် အဆောက်အဦ၊ နိုင်တီတူး ဓာတ်ဆီပေပါ (၄၀) လုံးနှင့် ကားတာယာ ၄ လုံးတို့သည် မီးလောင်မှုအတွင်းသို့ ပါသွားခဲ့ကြောင်း သိရသည်။ မီးလောင်မှုဖြစ်စဉ်တွင် တာဝန်ရှိသူအား ကလေးမြို့မရဲစခန်းတွင် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သျှင်နေမင်း (ဂန့်ဂေါ )