ဝက်လက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှအခြေခံပညာကျောင်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေးဆောင်ရွက်

ဝက်လက် နိုဝင်ဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ ဝင်များသည် ယမန်နေ့ နံနက် ၁၀နာရီအချိန်မှစတင်ကာ ဝက်လက်မြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများသို့ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်းသိရသည်။

အဆိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ဝက်လက်မြို့ အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁)အခြေခံပညာအလယ်တန်းခွဲ၊ အမှတ်(၂)အခြေခံပညာအလယ်တန်းခွဲ၊ အမှတ်(၃) အခြေခံပညာအလယ်တန်းခွဲ နှင့်မကျီးတုံကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းများရှိ ဆရာ၊ဆရာမများကျောင်းသား၊ကျောင်းသူများ၊ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံကာ မိမိအနီးဝန်းကျင်းရှိ ကျောင်းသား၊ ကျောင်းသူများကို ယခုနိုဝင်ဘာလ ၃၀ရက်နေ့အထိ ကျောင်းအပ်ပြီး ကျောင်းတက်လို့ရကြောင်း ဆွေးနွေးပြောကြားပေးကြရန် နှင့်ကျောင်း တက်ရောက်နေကြသော ကျောင်းသား၊ကျောင်းသူများအတွက် ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများလိုအပ်မှုမရှိစေရေး စီမံဆောင်ရွက်သွားကြရန်  နှင့်အခက်အခဲရှိပါက အချိန်နှင့် တစ်ပြေးညီ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီသို့ ဆက်သွယ်ဆောင်ရွက် သွားနိုင်ရေး မှာကြား ဆွေးနွေးခဲ့သည်။

ဝက်လက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တ ဥက္ကဋ္ဌ  ဦးဉာဏ်လှိုင်၊ အဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်မှူး ခင်ဇော်၊ ခေတ္တမြို့နယ်မှူး ဒုရဲမှူး ကြည်စိုးသန့်၊ ဦးမျိုးသိန်းထွန်းအောင်နှင့်မြို့နယ်ပညာ‌ရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးကိုကိုနိုင်တို့လိုက်ပါဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)