ပွင့်ဖြူမြို့မစည်ပင်သာယာဈေး မီးဘေးလုံခြုံရေးအတွက် ကြိုတင်ကာကွယ်ရန်လုပ်ငန်းများနှင့် စပ်လျဉ်းပြီး ညှိနှိုင်းဆွေးနွေး

ပွင့်ဖြူ      နိုဝင်ဘာ       ၂၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးအား ပွင့်လင်းရာသီကာလ မီးဘေးလုံခြုံရေးအတွက် ကြိုတင်ကာကွယ်ရန် လုပ်ငန်းများ နှင့် စပ်လျဉ်းပြီး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့မစည်ပင် သာယာဈေးရှိ ဈေးခေါင်းရုံးအစည်းအဝေးခန်းမတွင် ကျင်းပသည်။

အစည်းအဝေးတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်ဆွေဆွေဝင်းက ပွင့်လင်းရာသီရောက်ရှိ လာပြီ ဖြစ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးအား မီးဘေးလုံခြုံရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့် လုပ်ငန်းများ အား စနစ်တကျ ဆောင်ရွက်ထားရှိရေး၊ ဈေးအတွင်း လျှပ်စစ်မီးရယူသုံးစွဲရာတွင် ဈေးရောင်းသူများ အနေဖြင့် မီးဘေးအန္တရာယ် မဖြစ်အောင် စနစ်တကျ သုံးစွဲသွားရန်နှင့် သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်မရှိပဲ ဈေးအတွင်း ထမင်းဟင်းချက်ပြုတ် စားသောက် ခြင်းများ မပြုလုပ်ကြရန်တို့ကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ခံမီးသတ်ဦးစီးမှူး ဦးဟန်ဇာကျော်က မီးဘေးအန္တရာယ် ကြုံတွေ့ပါက အရေးပေါ် မီးသတ်ဆေးဗူးအသုံးပြု၍ မီးငြှိမ်းသတ်နည်းစနစ်နှင့် ဈေးဆိုင်ခန်းများတွင် မီးလောင်စေနိုင်သော လောင်စာများ စနစ်တကျ ရှင်းလင်းဆောင်ရွက်ထားရှိရေး ဆွေးနွေးပြောကြားပြီး မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ လိုင်းတာဝန်ခံ ဦးလှဝင်းအောင်က လျှပ်စစ်မီးများ တပ်ဆင်အသုံးပြုရာတွင် မီးဘေးအန္တရာယ်မဖြစ်စေရေး စနစ်တကျ ကိုင်တွယ်အသုံးပြု ရမည့်နည်းစနစ်များနှင့် လျှပ်စစ်ဝါယာကြိုးများ ကြံ့ခိုင်ကောင်းမွန်မှု ရှိ/မရှိ ကြပ်မတ်စစ်ဆေးဆောင်ရွက်သွားရန် ရှင်းလင်း ဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်ဆွေဆွေဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မြို့မ စည်ပင်သာယာဈေး မီးဘေးလုံခြုံရေးအတွက် ဈေးအတွင်းတပ်ဆင်အသုံးပြုလျက်ရှိသော လျှပ်စစ်မီးလိုင်းများ ကြံ့ခိုင် ကောင်းမွန်မှု ရှိ/မရှိနှင့် မီးဘေးလုံခြုံရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိသော ရေငုတ်များနှင့် ရေစုပ်စက်များ ကောင်းမွန်မှု ရှိ/ မရှိ တို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ဈေးရောင်းသူများ မီးဘေးလုံခြုံရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ရဲဝင်းနိုင် ( ညောင်ဦး )