ကန့်ဘလူ နိုဝင်ဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်း အများပြည်သူ၏ လုံခြုံရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးအတွက် ရည်ရွယ်၍ ဆိုင်ကယ်စီးနင်း မောင်းနင်သူများ သိရှိလိုက်နာနိုင်စေရန်အတွက် ယမန်နေ့က ဒေသန္တရအမိန့် ထုတ်ပြန်ခဲ့ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ထိုသို့ ဒေသန္တရအမိန့်ထုတ်ပြန်ရာ၌ မြို့နယ်အတွင်း ပြည်သူများအနေဖြင့် ဆိုင်ကယ် စီးနင်းရာတွင် ဆိုင်ကယ်တစ်စီး၌ အမျိုးသားနှစ်ဦး စီးနင်း၍လည်းကောင်း၊ အမျိုးသမီးတစ်ဦး နောက်တွင် အမျိုးသားတစ်ဦး လိုက်ပါစီးနင်းခြင်းကို လည်းကောင်း မပြုလုပ်ကြရန်နှင့် အမျိုးသား တစ်ဦးနောက်တွင် အမျိုးသမီးတစ်ဦးစီးနင်း လိုက်ပါနိုင်ပြီး အမျိးသမီးနှစ်ဦး စီးနင်းမောင်းနင်နိုင်ကြောင်း သိရသည်။
အဆိုပါ ဒေသန္တရအမိန့်ကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေအရ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် နိုဝင်ဘာ ၂၅ ရက်မှစတင်၍ နောက်ထပ်အမိန့် တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမပြုမီ အတည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)