လောက်ကိုင်မြို့နယ်တွင် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ မဲစာရင်းများမှန်ကန်စေရေးနှင့် လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

လောက်ကိုင်         ဩဂုတ်          ၂၁

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ လောက်ကိုင်မြို့ တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပ နိုင်ရေးနှင့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး၊ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်  ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငွေဒိုး က အဖွင့်အမှာစကား ပြောကြားရာ  ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ပထမအကြိမ် ကပ်ထား ကြေညာပြီး ဖြစ်သည့် မဲဆန္ဒရှင် စာရင်းများအား ပြည့်စုံမှန်ကန်သော မဲစာရင်းများ ဖြစ်စေရေး  စစ်ဆေးဆောင်ရွက်နိုင်မှု အခြေအနေနှင့် မဲဆန္ဒရှင်များ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေး ဆောင်ရွက်ထားမှု အခြေအနေ  တိုးတက်မှုများ အား အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ပြသွားရန်နှင့် သက်ဆိုင် ရာဌာနများ ၊ ရပ်/ကျေး များ က ပေါင်းစပ်ညှိနှိုင်းကာ သွားလာရေးအခက်အခဲရှိသည့် ကျေးရွာရှိ မဲဆန္ဒရှင်များ  လစ်ဟာကျန်ရှိမှု မရှိစေရေး ဆွေးနွေးပြောကြားခဲ့ပြီး သက်ဆိုင်ရာ ဌာနများနှင့် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များ က မိမိတို့လုပ်ငန်းများ အလိုက် တင်ပြဆွေးနွေးညှိုနှိုင်းခဲ့ကြသည်။

 

လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငွေဒိုးနှင့် ဌာနဆိုင်ရာများ ၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ  အဖွဲ့ဝင်များ ၊ ရပ်ကွက်/ကျေးရွာ အုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ  အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။

 

ဇော်ဇော်အောင် (ပြန်/ဆက်)