မုံရွာ နိုဝင်ဘာ၂၆
စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ခြင်း သင်တန်း အမှတ်စဉ်(၁/၂၀၂၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနရုံး အစည်းအဝေးခမ်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားရာတွင် “ နိုင်ငံတစ်နိုင်ငံတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လာတာနှင့်အမျှ ပတ်ဝန်းကျင်ကို အနည်းနှင့်အများ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်လာနိုင်မှာပဲ ဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အတွင်း စီးပွားရေးဖွံ့ဖြိုး တိုးတက်ဖို့အတွက် လုပ်ငန်းများကို ဆောင်ရွက်ရာမှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားပြီး ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခုဖွင့်လှစ်တဲ့ သင်တန်းဟာ ဝန်ထမ်းများအတွက် အမှန်တကယ် ထိရောက်အကျိုးရှိတဲ့ သင်တန်းဖြစ်မယ်ဆိုတာ ယုံကြည်ပါကြောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ စွမ်းဆောင်ရည်မွှင့်တင်ခြင်း သင်တန်းကို တက်ရောက် ပြီးဖြစ်တဲ့အတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို သိရှိနားလည်ပြီး ဖြစ်မယ်လို့လည်း ယုံကြည်ပါကြောင်း ” ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူ ဦးအောင်ကျော်မိုးက သင်တန်းဖွင့်လှစ်ပြီးစီးမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက အဖွဲ့လိုက် စာတမ်းပြုစုခြင်းတွင် ပထမ၊ ဒုတိယဆုရရှိကြသော အဖွဲ့များအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြု လက်မှတ်များအား ပေးအပ်ချီးမွှင့်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က သင်တန်းသား ထူးချွန် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသော သင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလက်မှတ်များအား အသီးသီးပေးအပ်ချီးမွှင့်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စွမ်းဆောင်ရည်မွှင့်တင် ခြင်း သင်တန်းအမှတ်စဉ် ( ၁/၂၀၂၁) သင်တန်းကို နိုဝင်ဘာလ (၁)ရက်နေ့မှ နိုဝင်ဘာလ (၂၆) ရက်နေ့အထိ သင်တန်းကာလ(၄)ပတ်ကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းသို့ ဒုတိယဦးစီးမှူး (၁၆)ဦး၊ ဒုတိယလက်ထောက် ဦးစီးမှူး(၅)ဦး၊ စာရေး(၃)ဦး၊ စာရင်းကိုင်(၁)ဦး စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ (၂၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသ ကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ၏ (၂/၂၀၂၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီးမှာ ပြည်တွင်းခရီးသွားများ စိတ်ဝင်စားတဲ့ ထင်ရှားတန်ခိုးကြီးတဲ့ ဘုရားပုထိုးစေတီများရှိတဲ့အပြင် ပြည်ပခရီးသွားများပါ စိတ်ဝင်စားတဲ့ တောတောင်သဘာဝနဲ့ တိုင်းရင်းသား ရိုးရာဓလေ့များကို လေ့လာနိုင်တဲ့ခရီးစဉ်နေရာတွေလည်း ရှိပါကြောင်း၊ ခရီးသွားလုပ်ငန်းကရတဲ့ ဝင်ငွေစီးဆင်းမှုဟာ ဟိုတယ်/တည်းခိုရိပ်သာများအပြင် အခြားဆက်စပ် လုပ်ငန်းများပါ ဝင်ငွေစီးဆင်း ရရှိသွားတာကို မြင်တွေ့ရမှာဖြစ်ပါကြောင်း၊ ဒေသတစ်ခုကိုခရီးသွားများ ရောက်ရှိလာတဲ့အခါမှာ စိတ်ပျော်ရွှင်လန်းဆန်းနိုင်ဖို့ မြို့ရွာဒေသအလိုက် မြို့သန့်ရှင်းသာယာလှပရေး၊ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးတို့ကို အလေးထားဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ တန်ခိုးကြီးဘုရား၊ စေတီ၊ ပုထိုးများနှင့် လေ့လာလည်ပတ်စရာနေရာများ ပြန်လည် ဖွင့်လှစ် ထားပြီဖြစ်လို့ ပြည်တွင်းခရီးသွားများလည်း နေ့စဉ်နှင့် အားလပ်ရက်များမှာ လာရောက် လည်ပတ် နေကြောင်းသိရှိရလို့ ဝမ်းသာမိပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက တိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကာ တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီအတွင်းရေးမှူး၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်သူဦးက တိုင်းဒေသကြီးအတွင်းရှိ ခရီးစဉ်နေရာများ ရည်ရှည်တည်တံ့ရေး၊ ခရီးစဉ်ဒေသစီမံခန့်ခွဲရေး ကော်မတီ ပြန်လည်ဖွဲ့စည်းနိုင်ရေး၊ ခရီးသွားဝင်ရောက်မှု အခြေအနေနှင့် ဝင်ငွေရရှိမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာသူများက တိုင်းဒေသကြီး ဒေသဆိုင်ရာခရီး သွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရေး လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး အကြံပြုဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အသီးသီးဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)