ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာ အောင်ကျော်မင်း စစ်တွေမြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲသို့ တက်ရောက်

စစ်တွေ နိုဝင်ဘာ ၂၆

စစ်တွေမြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း တက်ရောက် အမှာစကားပြောကြားသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအတွင်း နေထိုင်သူများအား ၁၉၄၉ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေ၊ ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးနည်းဥပဒေ၊ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေတို့ဖြင့် တိုင်းတာစိစစ်ကာ အိမ်ထောင်စုလူဦးရေ စာရင်းများ ဆောင်ရွက်ပေးခြင်းနှင့် ကိုင်ဆောင် သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ထိုကဲ့သို့ ကိုင်ဆောင် လတ်မှတ်များရရှိအောင် ဆောင်ရွက်ပေး လျက်ရှိသော်လည်း အကြောင်း အမျိုးမျိုးကြောင့် ကိုင်ဆောင်လက်မှတ် တစ်မျိုးမျိုး လက်ဝယ်တွင် မရှိသေးသူများ ရှိနေသည်ကို တွေ့ရှိရကြောင်း၊ ယခုအချိန်တွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးရေးလုပ်ငန်းကို ပန်းခင်းစီမံချက် အမည်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် နိုင်ငံသားများ အနေဖြင့် နိုင်ငံသား အခွင့်အရေးများ အပြည့်အဝခံစားနိုင်ရန်၊ လူမှုရေး၊ စီးပွားရေးရာ ကိစ္စအဝဝကို ဆောင်ရွက်ရာတွင် မရှိမဖြစ်တင်ပြရသဖြင့် အဆင်သင့်အသုံးပြုနိုင်ရန် မိမိတို့၏ ရည်အချင်းနှင့် ကိုက်ညီသည့် ကိုင်ဆောင်သင့်သည့် လက်မှတ်တစ်မျိုးမျိုးကို လျောက်ထား ကိုင်ဆောင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်သည့်အခါ မြို့နယ်ရုံးများတွင် ရုံးထိုင်ဆောင်ရွက်ခြင်း၊ တပ်ရင်း တပ်ဖွဲ့များနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုများ၊ အခြေခံပညာ ကျောင်းများသို့ ကွင်းဆင်း ောင်ရွက်ပေးခြင်းများ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းနှင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက် ပေးလျက်ရှိသော ပန်းခင်းစီမံချက်အား သတ်မှတ်ကာလအတွင်း အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ သက်ဆိုင်ရာဌာနများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပြည်သူများအနေဖြင့် အားလုံး တက်ညီလက်ညီ ကြိုးပမ်း ဆောင်ရွက် ပေးကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ဦးအောင်မျိုးက ပန်းခင်းစီမံချက်နှင့် ပတ်သက်ပြီး ရှင်းလင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား တပ်ရင်း၊ တပ်ဖွဲ့များမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ပေးအပ်ကြပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားလက်ခံရရှိသူ ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

စစ်တွေမြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက် ရန် လျာထားချက် ၄၂၈၅ ဦးရှိရာ ယနေ့အခမ်းအနားတွင် ၁၅၇၈ ဦးထုတ်ပေးခဲ့ပြီး စုစုပေါင်း ၃၉၁၈ ဦးတို့ကို ဆောင်ရွက်ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)