မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ပခုက္ကူမြို့၌ ပန်းခင်းစီမံချက် အသိပညာပေး ဗီနိုင်းပိုစတာစိုက်ထူပွဲ တက်ရောက်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက် နေမှုများ ကွင်းဆင်းကြည့်ရှု

ပခုက္ကူ   နိုဝင်ဘာ ၂၆

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ယနေ့နံနက်ပိုင်းတွင် ပခုက္ကူမြို့၌ ပန်းခင်းစီမံချက် အသိပညာပေး ဗီနိုင်းပိုစတာစိုက်ထူပွဲ တက်ရောက်ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ပထမဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့်အဖွဲ့သည် နံနက် ၉ နာရီခွဲအချိန်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးက ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်၊ မြို့မလမ်း၊ ရွှေချောင်းတံတားထိပ်တွင် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်ပါပန်းခင်းစီမံချက် အသိပညာပေး ပိုစတာစိုက်ထူပွဲ တက်ရောက်ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။

ဆက်လက်၍ ဝန်ကြီးနှင့်အဖွဲ့သည် ပခုက္ကူမြို့နယ်၊ ကွန်းရွာကျေးရွာရှိ ဘက်စုံသုံးဘေးဒဏ်ခံ အဆောက်အဦ (Multi-Purpose Shelter) ရာနှုန်းပြည့်တည်ဆောက်ပြီးစီးမှု အခြေအနေကို နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းကြည့်ရှုစစ်ရာ မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးဒေါ်ထွေးကြည်နှင့် တာဝန်ယူတည်ဆောက်သည့် ကုမ္ပဏီမှတာဝန်ခံ အင်ဂျင်နီယာ တို့က တည်ဆောက်ပြီးစီးသည့် အဆောက်အဦကို လိုက်လံ ရှင်းလင်းပြသပြီး လုပ်ငန်းအသေးစိတ် အကြောင်းတို့ကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နံနက် ၁၁ အချိန်တွင် ပခုက္ကူတက္ကသိုလ်သို့ ရောက်ရှိပြီး တက္ကသိုလ်ဘောလုံးကွင်း ပွဲကြည့်စင်(RC)နှစ်ထပ် အဆောက်အဦ တည်ဆောက်မှု အခြေအနေကြည့်ရှုစစ်ဆေးသည်။ ထို့အပြင် ပခုက္ကူတက္ကသိုလ်၊ လေးထပ်ဆောင်ရှိ ဘွဲ့နှင်းသဘင်ခန်းမဆောင်တွင် ခေတ္တပါ မောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များနှင့် ဘာသာရပ်များအလိုက် အသစ်ခန့်အပ်ထားသည့် နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမသစ်လွင်(၁၀၉)ဦးတို့နှင့် တွေ့ဆုံအမှာစကား ပြောကြားပြီး ပါးစပ်နှင့်နှာခေါင်းစည်း(Mask) အခု ၃၆၀၀နှင့် လက်သန့်ဆေးရည် ( Hand Gel) ဗူး ၄၀ ကျော်တို့ကို ထောက်ပံ့ပေးအပ်ရာ ခေတ္တပါမောက္ခချုပ် ဒေါက်တာ တင်ထွန်းအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)