ပခုက္ကူမြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ပွဲကျင်းပ

ပခုက္ကူ နိုဝင်ဘာ ၂၆

၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ရောက်ရှိမည့် (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show)ပွဲ အစီအစဉ်ကို ယမန်နေ့ မွန်းတည့် ၁ နာရီအချိန်က ပခုက္ကူမြို့၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။

အသိပညာပေး (Talk Show) ပွဲအစီအစဉ်တွင် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းယုမော်က (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်နှင့် ပတ်သက်၍ သိထားသင့်သည့် သမိုင်းအကြောင်း အရာများနှင့် ပတ်သက်၍ မေးမြန်းရာ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး စာရေးဆရာ ဦးဇော်ဌေးအောင်က အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ မြန်မာနိုင်ငံတွင် နှစ်စဉ်အမျိုးသား အောင်ပွဲနေ့ အခမ်းအနားကို  အမြတ်တနိုးကျင်းပကြပုံများ၊ ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက်နေ့တွင် ရောက်ရှိမည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အမွေအနှစ်များ တန်ဖိုးထားမြှင့်တင်ရေး အကြောင်းတို့ကို အကျယ်တဝင့် အသိပညာပေး ဆွေးနွေးသည်။

အဆိုပါ အသိပညာပေး ဆွေးနွေးပွဲကို အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတတိုးပွားစေရေးပြီး  နိုင်ငံတော်ကို အကျိုးပြုမည့်သူများ ပေါ်ထွက်လာစေရေး၊ အမျိုးသားရေး စိတ်ဓာတ်များ ရှင်သန်ထက်မြက်ရေးတို့အတွက် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)