မင်းလှမြို့နယ်တွင် ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ စာအုပ်အား စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ

အထက်မင်းလှ နိုဝင်ဘာ ၂၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ စာပေချစ်မြတ်နိုးသူများ (Book Club)အဖွဲ့နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်က‌လေး စောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းကျင်းပ ပြုလုပ်သည့် စာရေးဆရာ အောင်သင်း ရေးသားသော ရည်မှန်းချက်နှင့် ပြဿနာအထွေထွေစာအုပ်၊ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးCommunity Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးက မြို့နယ်အတွင်းရှိ စာပေဝါသနာရှင်များနှင့် စာတတ်သူတိုင်း စာဖတ်သည့် အလေ့အကျင့် ရရှိစေကာ စာပေအသိပညာ ဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍    စာပေချစ်မြတ်နိုးသူ(Book Club) အဖွဲ့ဥက္ကဋ္ဌ စာရေးဆရာ (ရဲသွေးနီတမာမြေ)၊ ဦးနီထွေး(ချစ်ထွေးနီ)၊ ဦးခင်မောင်မြင့်(တာတူးလေး)၊ ဦးဇင်မင်းထွန်း (လင်းကယ်၊စင်ကြယ်) တို့က စာရေးဆရာ အောင်သင်း ရေးသားသည့် ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ စာအုပ်တွင်ပါရှိသော စာပေသိမှတ်ဖွယ်ရာများကို ဦးဆောင် ဆွေးနွေးခဲ့ကြသည်။

ထို့နောက်တက်ရောက်လာသည့် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်နှင့် အဖွဲ့ဝင်များက မိမိတို့သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)