ကသာ၌ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်

ကသာ နိုဝင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့က (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ကသာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စောကလျာက ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် စည်းမျဉ်း စည်းကမ်းများကို ပြောကြားပြီး ပြိုင်ပွဲကိုစတင်ခဲ့ရာ ကသာမြို့ အမှတ်(၄) အခြေခံပညာ မူလတန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူပေါင်း(၂၄)ဦးတို့က ပါဝင်ယှဉ်ပြိုင် ခဲ့သည်။

ထို့အပြင် ဆေးရောင်ခြယ်ပြိုင်ပွဲမှ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုများရရှိသော ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ပြီး အဆိုပါ ဆေးရောင်ခြယ် ပြိုင်ပွဲကို ကလေးငယ်များအနေဖြင့် ဆေးရောင်များ၏ သဘောတရားနှင့် အရောင်စပ်ပုံ အကြောင်းများ သိရှိစေရန်နှင့် သဘာဝပတ်ဝန်းကျင် အရောင်အသွေးအပေါ် စူးစမ်းလေ့လာနိုင်စွမ်း မြင့်မားလာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)