ဘိုကလေး ဩဂုတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဘုရားချောင်းကျေးရွာ၊ ဘိုကလေးမြစ် ကမ်းဘေး ကမ်းတိုးမြေတွင် ယနေ့နံနက် (၉) နာရီခွဲအချိန်၌ အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ အမှတ် (၅၃၄) ခြေမြန်တပ်ရင်းမှ စစ်သည်များ၊ မြို့နယ်ရဲတပ်ဖွဲ့ ဝင်များ၊ မြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြည်သူများ စုပေါင်း၍ ဒီရေတော ပြုန်းတီးမှု ကာကွယ်ရေး သစ်ပင်စိုက်ပျိုး ပွဲတော် ကျင်းပသည်။
သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပရခြင်းမှာ ဒီရေတောများထိန်းသိမ်း ကာကွယ်နိုင်ရေး၊ ဒီရေတော ပြန်းတီးမှုများ လျှော့ချနိုင်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်နိုင်ရေးတို့အား ရည်ရွယ်၍ ဆောင်ရွက်ကြခြင်း ဖြစ်ကြောင်း၊ သစ်ပင်စိုက်ပျိုးပွဲတော်တွင် မာလာလူးကားပင် (၁၀၀၀) ပင်နှင့် ပင်လယ်ကဗွီးပင် (၁၅၀၀) ပင် စိုက်ပျိုးခဲ့ကြကြောင်းနှင့် ဒေသခံတစ်ဦးမှ " ကမ်းဘေးက မြေတွေက ရေအတက်အကျတွေမှာ ရေတိုက်စားမှုတွေရှိတယ်၊ ယခုလို သစ်ပင်တွေ စိုက်ပျိုးတဲ့အခါ ကမ်းထိန်းတဲ့ သဘော ဖြစ်သွားတော့ ကျွန်တော်တို့ဒေသခံတွေအနေနဲ့ ဝမ်းသာမိပါတယ်" ဟုပြောကြားခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)