သရက် နိုဝင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ် မုံဇလီကျေးရွာတွင် မိုးစပါးစံကွက် ရိတ်သိမ်းခြင်း နှင့် တောင်သူများအား အသိပညာပေးခြင်ကို ယနေ့နံနက်(၈)နာရီက မုံဇလီကျေးရွာ တောင်သူ ဦးအောင်ဌေး၏ ကွင်းအမှတ်-၅၂ ဦးပိုင်အမှတ်-၃၅၃တွင် တစ်ဧကတွင် စိုက်ပျိုးထားရှိသည့် ဆင်းသုခ စပါးခင်းတွင် စပါးရိတ်သိမ်းခဲ့ရာ အစို(၉၉.၆၁)တင်း၊ အခြောက်(၈၉.၆၅)တင်း ထွက်ရှိခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။ မိုးစပါးကွက် ရိတ်သိမ်းပွဲသို့ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေး အဖွဲ့ဝင်များ၊ စိုက်ပျိုးရေး ဝန်ထမ်းများနှင့် တောင်သူများ တက်ရောက်ကြသည်။
အဆိုပါစံကွက်ရိတ် သိမ်းပွဲတွင် စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင့်နေအောင် က တောင်သူများ မျိုးသန့်မျိုးစေ့ရရှိရန်အတွက် ယခုကဲ့သို့ မျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုး ပြသခြင်း ဖြစ်ကြောင်းနှင့်ထွက်ရှိ လာသောမျိုးစေ့များကို မျိုးသန့်အဖြစ် ဆက်လက်ဖြန့်ဖြူး သွားမည်ဖြစ်ကြောင်း မျိုးသန့်များ စိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းတိုးတက်ပြီး လူမှုစီးပွားရေး အဆင်ပြေလာမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် တောင်သူများက သိလိုသည်များ မေးမြန်းခဲ့ရာ မြို့နယ် စိုက်ပျိုးရေး ဦးစီးမှူးက ပြန်လည်ဖြေကြား ပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)