အထက်မင်းလှ နိုဝင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက် ၁၀ နာရီက မင်းလှမြို့နယ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်း ကြည့်ရှု စစ်ဆေး ခဲ့သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မင်းလှမြို့နယ် လယ်လှ ကျေးရွာရှိ တောင်သူဦးရွှေတိုး၏ ရွှေတောင်(၈)စံပြဝါစိုက်ခင်း(၁၀)ဧက စိုက်ပျိုးဖြစ်ထွန်းနေမှု၊ ချည်မျှင်ရှည်ဝါ စုပေါင်းကောက်သိမ်းနေမှု၊ ဒေသထွက်ကုန်များဖြစ်သည့် လက်ရက်ကန်းဖြင့် ရက်လုပ်ထားသော ချည်ထည်များ ပြသထားမှုများအား ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ချည်မျှင်ရှည်ဝါစိုက်ခင်းအနီးရှိ ရှင်းလင်းဆောင်တွင် ဒေသခံ ပြည်သူများနှင့် တွေ့ဆုံရာ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက မြို့နယ်အတွင်း ဝါစိုက်ပျိုးမှုများနှင့် အခြားသီးနှံများစိုက်ပျိုးမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က လိုအပ်သည်များအား လမ်းညွှန်ပြောကြားခဲ့သည်။
ထို့နောက် ကျေးရွာနေ ပြည်သူများမှ ဒေသဖွံ့ဖြိုးရေး တင်ပြချက်များအပေါ် လိုအပ်သည်များအား ပေါင်းစပ်လမ်းညွှန် ဆောင်ရွက်ပေးသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လယ်လှကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးနေများနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများ ကြည့်ရှုအားပေးခဲ့ပြီး၊ ကျေးရွာနေ ပြည်သူများမှ လက်ရက်ကန်းဖြင့်ချည်စောင်၊ ချည်ပုဆိုး၊ ချည်လုံခြည်၊ ချည်တဘက်၊ ဂျပ်ခုတ်လွယ်အိတ်များ ရက်လုပ်နေမှုအား ကြည့်ရှု၍ ဒေသခံပြည်သူများကို အားပေးစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ဦးကျေးရွာရှိ တောင်သူဦးအေးသောင်း၏ စံပြဝါစိုက်ခင်း ၅ ဧကစိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး မင်းလှမြို့၊ ရုံးရပ်တောင် ရပ်ကွက်ရှိ ဦးကင်းဘုရားဓမ္မာရုံတွင် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုများအား ကြည့်ရှုအားပေးခဲ့သည်။
ထိုမှတဆင့်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့နယ်ခန်းမအဆောက်အဦသစ် ဆောက်လုပ် ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးစဉ် မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဒေါ်နွယ်နွယ်အေးက မြို့နယ်ခန်းမ အဆောက်အဦ ဆောက်လုပ်မှုများအား ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှ လိုအပ်သည် များအား လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးအတွက် ဌာနဆိုင်ရာများမှ ကြိုးစားဆောက်ရွက် သွားကြရန် လမ်းညွှန်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)