ဝါးခယ်မ နိုဝင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အသိပညာပေး ဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show တွင် ဝါးခယ်မမြို့နယ်ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ရီရီလွင်နှင့် သံကြိုးတိုင်မူလွန်တိုးချဲ့မြို့သစ်ကျောင်းမှ အလယ်တန်း ပြဆရာမ ဒေါ်ဝါဝါမိုးတို့က အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံနောက်ခံသမိုင်းကြောင်းများ၊ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာမှုကြောင့် ရရှိခဲ့သည့် အကျိုးကျေးဇူးများအကြောင်း၊ ကျောင်းသားလူငယ်များ မိမိတို့နိုင်ငံ၏ နေ့ထူး နေ့မြတ်ကို မမေ့စေလိုကြောင်း၊ အမျိုးသားစိတ်ဓာတ်များ ရှင်သန်နိုးကြားစေသော အမျိုးသားနေ့ကို မြတ်နိုးတန်ဖိုး ထားသင့်ပါကြောင်း၊ နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးသို့ လမ်းညွှန်ပို့ဆောင်နိုင်စွမ်းရှိ သည့် ပညာရေးသည် အမျိုးသားပညာရေးဖြစ်ကြောင်းစသည့် အကြောင်းအရာများကို ဆွေးနွေး ခဲ့ကြောင်းသိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝါးခယ်မမြို့နယ်ရုံးမှ ပြည်သူများ အသိပညာ တိုးပွားစေရေးအတွက် Online မှတဆင့် Talk Show များ၊ ပြပွဲပြိုင်ပွဲများ၊ ပုံပြင်များ၊ ကဗျာများ၊ စာဖတ်ဝိုင်းများ၊ စာအုပ်မိတ်ဆက်ခြင်းများ အပါအဝင် အခြားဗဟုသုတရဖွယ် အစီအစဉ်များကို ဝါးခယ်မ ပြည်သူ့စာကြည့်တိုက် Facebook Page မှထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။
စောသန္တာဦး