ဝန်းသို နိုဝင်ဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တောင်ခြမ်းရှိ ကျေးရွာများသည် စပါးသီးနှံအပြင် အခြားသီးနှံများကို စီးပွားဖြစ်စိုက်ပျိုးလျက်ရှိရာ ယခုနှစ်မှာတော့ တိုင်ထောင်ဗိုလ် စားပဲသီးများ အထွက်နှုန်းနည်းသော်လည်း စျေးကောင်းသဖြင့် စိုက်ပျိုး တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
"တိုင်ထောင်ဗိုလ်စားပဲသီးကို စက်တင်ဘာ လဆန်းပိုင်းတွင် စိုက်ပျိုးကြပြီး စိုက်ပျိုးပြီး နှာမောင်းများ ထွက်လာချိန်တွင် တိုင်ထောင်ပေးရကြောင်း စိုက်ပျိုးချိန်မှခူးဆွတ်ချိန်အထိ ၂လခွဲခန့်ကြာပြီး အပင် ၆၀၀စိုက်ကို မျိုးဖိုး၊ ဓာတ်မြေသြဇာဖိုး၊ ပိုးသတ်ဆေးဖိုး၊ အလုပ်သမားခ စုစုပေါင်း ၄ သောင်းကျော်ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က အပင် ၆၀၀ စိုက်ကို တစ်ရက်ခြား တစ်ခါကောက်ကို ပိဿာချိန် ၃၀ ပိဿာကျော်ရရှိပြီး တစ်ပိဿာ ၁ထောင်ကျပ် ရောင်းချရသည့်အတွက် အမြတ်ငွေ သုံးသိန်းကျော်လောက် ရရှိခဲ့ပါတယ်။
ယခုနှစ်မှာတော့ ရာသီဥတုဖောက်ပြန်၍ တိုင်ထောင်ဗိုလ်စားပဲသီး စိုက်သူများ မှိုရောဂါများ ဝင်ရောက်သဖြင့် အထွက်နှုန်းများ လျော့နည်း၍ အပင် ၆၀၀ စိုက်ကို တစ်ရက်ခြား တစ်ခါကောက်ကို ပိဿာချိန် ၁၅ ပိဿာခန့်သာ ရရှိပြီး တစ်ပိဿာကို ၁၇၀၀ ကျပ်စျေးဖြင့် ကောလင်းစည်ပင်သာယာ စျေးသို့ ဖောက်သည်ပို့ပေးရပါတယ်။
ယခုနှစ်က ယခင်နှစ်ထက် အထွက်နှုန်းလျော့နည်းသော်လည်း စျေးကောင်းရသဖြင့် အဆင်ပြေပါတယ်" ဟု အုပ်ဖိုကျေးရွာမှ တိုင်ထောင်ဗိုလ်စားပဲသီး စိုက်ပျိုးသူ ဒေါ်အောင်ကြည် က ပြောပြသည်။
၎င်းကျေးရွာနှင့် အနီကျေးရွာများသည် တိုင်ထောင်ဗိုလ်စားပဲသီးအပြင် ငရုတ်၊ ခရမ်ချဉ်၊ ကြက်သွန်၊ ပန်းမျိုးစုံ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ စသည့် သီးနှံမျိုးစုံကို ရာသီအလိုက် နှစ်စဉ်ချိန်ဆ စိုက်ပျိုး လျက်ရှိကြောင်း သိရသည်။
မြင့်ထွန်းမင်း(ကောလင်း)