မော်လိုက်-တွန်းပင်လမ်းအား ကွန်ကရစ်လမ်းခင်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက် နေမှုတို့အား ကွင်းဆင်းစစ်ဆေး

မော်လိုက် နိုဝင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၌ မော်လိုက်-တွန်းပင်သွားလမ်းအား တိုင်းဒေသကြီး ရန်ပုံငွေဖြင့် အောက်ခံမြေသားပြုပြင်ပြီး ကွန်ကရစ်လမ်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက် နေမှုတို့အား ယမန်နေ့ နံနက်ပိုင်း ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းဆင်းစ စ်ဆေး ခဲ့ကြကြောင်း သိရသည်။

အဆိုပါ မော်လိုက်-တွန်းပင်လမ်း အောက်ခံမြေသားပြုပြင်၍ ကွန်းကရစ်လမ်းခင်းခြင်း လုပ်ငန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးနှစ်လွန် သုံးစွဲခွင့် ရန်ပုံငွေ ကျပ်သိန်းပေါင်း (၂၇၀၀) ဖြင့် တင်ဒါအောင်မြင်သည့် ထူးသန့်လွင်ကုမ္ပဏီမှ တာဝန်ယူကာ အလျား(၅၆၁၀)ပေ၊ လမ်းအကျယ် (၁၂)ပေ၊ ကွန်ကရစ်ထု(၇)လက်မရှိ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို ဆောင်ရွက် လျက်ရှိရာ ယနေ့အချိန်ထိ လုပ်ငန်းပြီးစီးမှု အနေဖြင့်(၇၀)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်းနှင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ(၁၅)ရက် နေ့တွင် လုပ်ငန်းများ ရာခိုင်နှုန်းပြည့် ပြီးစီးနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာသို့ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်၊ ခရိုင်ကျေးလက် လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသူရိန်ဝင်း၊ ခရိုင်စီမံကိန်း ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းထိုက်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ခဲ့ပြီး ကုမ္ပဏီ တာဝန်ခံများနှင့် တွေ့ဆုံကာ လုပ်ငန်းများအား သတ်မှတ်ချိန် အတွင်းပြီးစီးရေး၊ လုပ်ငန်းသုံးပစ္စည်းများ စံချိန်စံညွှန်းပြည့်မီရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးတို့အတွက် အလေးထား ဆောင်ရွက် သွားရန် မှာကြားခဲ့သည်။

မော်လိုက်-တွန်းပင်လမ်းသည် မော်လိုက်မြို့နယ် ဖွံ့ဖြိုးရေးအတွက် အဓိကအားထားရသည့် လမ်းတစ်ခုဖြစ်ပြီး နှစ်စဉ်မိုးရာသီကာလများတွင် ရွှံ့ဗွက်များ ထူထပ်၍ အများပြည်သူ သွားလာရေး အခက်အခဲများစွာ ဖြစ်ပေါ်နေကြရသည့်အတွက် ယခုလို ကွန်ကရစ်လမ်းအဖြစ်သို့ အဆင့်မြှင့်တင် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ အပြီးသတ် ဆောင်ရွက်ပြီးစီး သွားပါက ဒေသခံပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး ကိစ္စများသာမက လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးအတွက်ပါ များစွာအထောက်အကူ ဖြစ်လာမည် ဖြစ်ကြောင်း သိရသည်။

မော်လိုက်သားလေး