ရွှေဘို့မြို့တွင် ပေါ်ဆန်းရင်(ရွှေဘိုပေါ်ဆန်း) မျိုးစေ့ထုတ်စိုက်ခင်းတွင် မျိုးကွဲနုတ်ပယ်ခြင်း သရုပ်ပြပွဲ ကျင်းပ

ရွှေဘို နိုဝင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘို့မြို့တွင် ပေါ်ဆန်းရင်(ရွှေဘိုပေါ်ဆန်း) မျိုးစေ့ထုတ်စိုက်ခင်းတွင် မျိုးကွဲနုတ်ပယ်ခြင်း သရုပ်ပြပွဲကို ယမန်နေ့နံနက် ၁၀နာရီက အောင်ချမ်းသာကျေးရွာရှိ တောင်သူ ဦးဆန်းဝင်း၏ ပေါ်ဆန်းရင်(RS) မျိုးသန့်စိုက်ခင်း(၃)ဧကတွင် ကျင်းပပြုသည်။

အဆိုပါ ကွင်းသရုပ်ပြပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းလှိုင်ဦး၊ ရွှေဘိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့် ရွှေဘိုခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှုးကြီးရဲထွဋ်ဝင်းနှင့် ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးတင်မောင်ဆွေတို့ တက်ရောက် အားပေးကြည့်ရှု ခဲ့သည်။

ထို့နောက် ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်မေကြွယ်ဝင်းနှင့် မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာမင်း တို့က မျိုးကွဲ နုတ်ပယ်ရခြင်းကြောင့် ရရှိသော အကျိုးကျေးဇူးများနှင့်  မျိုးကွဲများခွဲခြား နုတ်ပယ်တတ်စေရန် လက်တွေ့ပြသ ရှင်းလင်း တင်ပြခဲ့သည်။

ရွှေဘိုမြို့နယ်တွင် မိုးစပါးစိုက်ဧက (၁၁၆၈၇၈)ဧက စိုက်ပျိုးထားနိုင်ခဲ့သည့် အနက် ပေါ်ဆန်းရင် (ရွှေဘိုပေါ်ဆန်း)စပါးမျိုးကို ဧက(၉၇၂၈၄)ဖြင့် စိုက်ဧကအများဆုံးနှင့် ပေါ်ဆန်းရင် (ရွှေဘိုပေါ်ဆန်း) မျိုးသန့်ပွှားများရေး လုပ်ငန်းများကိုလည်း အလေးထား ဆောင်ရွက် လျက်ရှိသည်။

ယခုနှစ်မိုးစပါး စိုက်ပျိုးရာသီတွင် ပေါ်ဆန်းရင်(ရွှေဘိုပေါ်ဆန်း) မျိုးသန့်မျိုးပွှားမျိုးစေ့ (RS to CS) ဧက(၁၀၄၀)စိုက်ပျိုးနိုင်ခဲ့ပြီး ၎င်းစိုက်ခင်းများတွင် မျိုးကွဲနုတ်ပယ်ခြင်း လုပ်ငန်းများကို တောင်သူများ မျိုးကွဲလက္ခဏာများ သေချာသိရှိပြီး နုတ်ပယ်နိုင်ရေးအတွက် ယခုလို သရုပ်ပြပွဲကျင်းပရခြင်း ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာမင်းထံမှ သိရသည်။

ခရိုင်(ပြန်/ဆက်)