ကဝမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်းစေရေး အသိပညာပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်

ကဝ နိုဝင်ဘာ ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်းစေရေး အတွက် အသိပညာပေး နှိုးဆော်မှုများအား အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ကဝမြို့ပေါ်ရပ်ကွက်များနှင့် မိုးဂနိမ်း၊ မိုးမြန်မာ၊ ပေါက်ကုန်းကျေးရွာများ၌ လူနေထူထပ်သည့် လမ်းဆုံလမ်းခွ နေရာများတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဝန်ထမ်းများက အသိပညာပေး လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် မိဘပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ မဖြစ်မနေ ထွက်ခွာပါက (Mask) နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ရန်၊ အခြားသူများနှင့် အနည်းဆုံး (၆)ပေ အကွာမှ ခပ်ခွာခွာနေပါ၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ စျေးဝယ် ခြင်းများမှ ရှောင်ကြည်ပါ၊  တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုစက္ကန့်(၂၀)ကြာအောင် စနစ်တကျ လက်ဆေးပါ၊ လက်ကို မကြာခဏဆေးကြောပါ၊ လက်ကိုဆေးကြောခြင်းမပြုဘဲ  ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သပ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်းမပြုလုပ်ကြရန်၊ လေဝင်လေထွက် မကောင်းသော အခန်းများကို ရှောင်ပါ၊ မိမိတို့ နေအိမ်များကို လေဝင် လေထွက်ရှိအောင် လုပ်ကြပါ စသည့်ကြေညာချက်များကို ကိုယ်စီလိုက်နာ ဆောင်ရွက်ခြင်းဖြင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများတွင်ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန်တို့ကို အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)