မင်းဘူးမြို့မဈေးကြီးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး တာဝန်ရှိသူများ လိုက်လံကြည့်ရှု စစ်ဆေး

မင်းဘူး နိုဝင်ဘာ ၂၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ မြို့မဈေးကြီးအတွင်း၌ ဈေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များက ယမန်နေ့နံနက်ပိုင်းက လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မြို့မဈေးကြီးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မီးသတ်ဆေးဗူးများ ထားရှိရမည့် အရေအတွက်နှင့် အရည်အသွေးပြည့်မီရေး၊ သက်တမ်းလွန် မီးသတ်ဆေးဘူးများ ရှိ/မရှိ၊ မီးငြှိမ်းသတ်ရေး စနစ်အတွက် ရေရရှိရေး၊ အသေးစား မီးသတ်စက်နှင့် မီးသတ်ပိုက်များ ကောင်းမွန်မှု ရှိ/မရှိ၊ ရေလှောင်ကန်များ၊ အမြင့်တင်ရေစင်များ တည်ဆောက်ထားရှိမှုနှင့် ရေပိုက်လိုင်းများကောင်းမွန်မှု ရှိ/မရှိ၊ ဈေးလုံခြုံရေးအတွက် CCTV များ တပ်ဆင်ထားရှိမှု အခြေအနေများ၊ ဈေးအတွင်းမီးသတ်ကားများ အရေးပေါ်ဝင်ရောက်ငြှိမ်းသတ်နိုင်ရန် ဈေးပတ်လမ်းနှင့် မလွတ်ကင်းသော မီးကြိုး၊ အမိုးများနှင့် အဖီရပ်များ ဖယ်ရှားရှင်းလင်းရေး၊ ဈေးလုံခြုံရေးမီးမှအပ အခြားမီးလိုင်းများ တပ်ဆင်ခြင်းမပြုရန်စသည့် သတ်မှတ် ညွှန်ကြားချက်များ နှင့်အညီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ရှိသူများနှင့် ခရိုင်မီးသတ် ဦးစီးမှူးတို့က ရှင်းလင်း တင်ပြခဲ့ကြသည်။

ထို့နောက် ရှင်းလင်းတင်ပြမှုများအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက လိုအပ်သည်များကို ဆက်လက်ဖြည့်ဆည်းပြီး ပြင်ဆင်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။

မင်းဘူးမြို့မဈေးကြီး၌ အတွင်း/အပြင် ဆိုင်ခန်းပေါင်း (၁၀၉၀)ရှိပြီး ဈေးကြီးလုံခြုံရေးအတွက် ဈေးပတ်လည်၌ CCTV (၂၄)လုံး တပ်ဆင်ထားကြောင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အတွက် မီးသတ်ဆေးဘူးများ၊ အရေးပေါ် အသေးစားမီးသတ်စက်များနှင့် မီးသတ်ရေပိုက်များ ထားရှိပြီး ဈေးကြီးအတွင်း အုတ်ရေလှောင်ကန် (၈)ကန်၊ ရေဂါလံ ၃၂၀၀ ဆံ့နှင့် ၁၆၀၀ဆံ့  အမြင့်တင်ရေစင်(၂)ခု တည်ဆောက်ထားကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

မောင်မောင်(မင်းဘူး)