မောင်တော နိုဝင်ဘာ ၂၆
ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် သက်ငယ်မုဒိမ်းနှင့် ကျား၊ မ အခြေပြု အကြမ်းဖက်မှု ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန် ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မောင်တောခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်စန္ဒာဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ကမ္ဘာပေါ်မှာ အမျိုးသမီးများနှင့် မိန်းခလေးငယ်များအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်ခြင်း၊ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းဟာ ကျန်းမာရေး ပြဿနာရပ် အဖြစ်သာမက လူ့အခွင့်အရေးကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်သွားစေရန် ရည်မှန်းပြီး ၁၉၉၁ ခုနှစ်မှ စတင်ကာ Women’s Global Leadership Institute မှ ဦးဆောင်မှုဖြင့် အမျိုးသမီးများအား အကြမ်းဖက်မှုဆန့်ကျင့်သည့် (၁၆)ရက်တာ လှုပ်ရှားမှုများကို နှစ်စဉ် နိုဝင်ဘာ (၂၅)ရက် မှ ဒီဇင်ဘာ(၁၀)ရက်နေ့ထိ ကျင်းပပြုလုပ် လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ ခုနှစ် မှ စတင်ပြီး (၁၆)ရက်တာ လှုပ်ရှားမှုများကို လှုမှုဝန်ထမ်းဦးစီးဌာနမှု ဦးဆောင်ကာ UN ၊ INGO၊ NGO၊ အမျိုး သမီးအရေး တက်ကြွစွာ လှုပ်ရှားနေသော အဖွဲ့များဖြင့် နှစ်စဉ်ကျင်းပလျက်ရှိကြောင်း စသည့် အမျိုးသမီးများအတွက် ဆောင်ရွက်ချက်များ၊ မောင်တောခရိုင်အတွင်း ရှေးဆက် ဆောင်ရွက်မည့် အစီအစဉ်များကို အကျယ်တဝင့် ရှင်းလင်းပြောကြား ခဲ့သည်။
ထို့နောက် မောင်တောခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွန်ကြားရေးမှူး ဦးကျော်သူနိုင်က သက်ငယ်မုဒိန်း ဖြစ်ပွားရသည့် အခြေအနေများ၊ အကြမ်းဖက်မှု ကိစ္စရပ်များ၊ လက်ရှိ မြန်မာနိုင်ငံအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှု ဖြစ်ပွားခဲ့မှု အခြေအနေများနှင့် ကျားမ အခြေပြု အကြမ်းဖက်မှု ဖြစ်ပွားအောင် ထောက်ပံ့ပေးသည့် အကြောင်းအရာများ၊ အကြမ်းဖက်မှု တုန့်ပြန်ဆောင်ရွက်မှုအတွက် အခြေခံလမ်းညွန်းများ၊ ပြစ်မှုကျူးလွန်သူများအား ပြစ်မှုနှင့် ပုဒ်မ(ကျင့်ထုံး)၊ ပြစ်ဒဏ်များ၊ အကြမ်းဖက်မှု ဖြစ်ပွားပါက တိုင်ကြားဆက်သွယ်ရမည် နေရာများ၊ သက်ငယ်မုဒိမ်းမှု ဖြစ်ပွားရသည့် အခြေအနေများနှင့် ပတ်သတ်၍ ပရိုဂျက်တာဖြင့် ရှင်းလင်းပြသ ပြောကြားခဲ့ပြီး အသိပညာပေး ဆွေးနွေးပွဲသို့ တက်ရောက် လာကြသော ခရိုင်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး အဖွဲ့ဝင်များက သိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)