စစ်ကိုင်းမြို့တွင် လူငယ်နှင့်အားကစား အသိပညာပေး Talk Show ကျင်းပ

စစ်ကိုင်း နိုဝင်ဘာ ၂၆

စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်နှင့်အားကစား အသိပညာပေး Talk Show အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂)နာရီက စစ်ကိုင်းခရိုင် လူထုအခြေပုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

Talk Show အခမ်းအနားကို စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်အောင်ထွေးက Talk Show ကျင်းပဆောင်ရွက်ရခြင်း နှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးပေးပြီး ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအေးကိုကိုက ဆွေးနွေးပြောကြားရာ လူငယ်များအနေဖြင့် အားကစားကို စိတ်ဓာတ်ထက်သန်စွာ လေ့ကျင့်ကစားခြင်းဖြင့် ကျန်းမာရေး အတွက်လည်း တစ်ဖက် တစ်လမ်းက အထောက်အကူပြုစေမှာဖြစ်ကြောင်း၊ ယနေ့ အိုင်တီခေတ်မှာ လူငယ်များ အနေဖြင့် နည်းပညာများနောက် လိုက်ပါအသုံးပြု ဆောင်ရွက်နေကြသလို အားကစားကိုလည်း လေ့ကျင့်ပျိုးထောင်ကြစေလိုကြောင်း၊ နိုင်ငံတော်ကလည်း အားကစားကွင်းများကို အဆင့်မြှင့်တင် ဆောင်ရွက်ပေးနေသလို သက်ဆိုင်ရာကဏ္ဍအလိုက် အားကစားမျိုးစုံကိုလည်း ကျင်းပ ပေးနေလျက်ရှိကြောင်း၊ ယနေ့လူငယ်/ လူရွယ်များအနေဖြင့် မလိုလားအပ်သည့် နေရာများတွင် အချိန်ကုန်ခံနေမည့်အစား အားကစားလိုက်စားခြင်းဖြင့် မိမိတို့ရဲ့ဘဝ မြင့်မားရေးအတွက် ကြိုးစားဆောင်ရွက် သွားကြစေလိုကြောင်း စသည်ဖြင့် ဦးဆောင် ဆွေးနွေးပေးခဲ့ပြီး ဒန့်စ်အကများဖြင့် လက်တွေ့ ကပြပေးခဲ့ကြသည်။

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ လျော့နည်း လာသည်နှင့်အမျှ ပြည်သူများ အသိပညာဗဟုသုတများရရှိနိုင်စေရန် စာအုပ်များ ငှားရမ်းခြင်း၊ စာအုပ်/စာစောင်များ ပြသပေးခြင်း၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ အသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်မြင့်နိုင်