ပွင့်ဖြူမြို့နယ်တွင် နောင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်လူဦးရေ စာရင်းပြုစု ဖြည့်သွင်းနိုင်ရေး ညှိနှိုင်းဆွေးနွေး

ပွင့်ဖြူ နိုဝင်ဘာ ၂၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် နောင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်လူဦးရေ စာရင်းပြုစုခြင်းအား အိမ်ထောင်စုဇယား(၆၆/၆)နှင့် တိုက်ဆိုင်စစ်ဆေးပြီး စာရင်းပြုစု ဖြည့်သွင်းနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ကျင်းပသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင် က နောင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် မြို့နယ်အတွင်း မဲဆန္ဒရှင်လူဦးရေစာရင်း တိကျမှန်ကန်စေရေး အတွက် အိမ်ထောင်စုဇယား(၆၆/၆)နှင့် တိုက်ဆိုင်စစ်ဆေးပြီး စာရင်းပြုစု ဖြည့်သွင်းခြင်း လုပ်ငန်းများကို ကြိုတင်ဆောင်ရွက်ရန်အတွက် တွေ့ဆုံဆွေးနွေးခြင်းဖြစ်၍  မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များ အနေဖြင့် ဝန်ထမ်းများအား တွဲဖက်တာဝန် ချထားနိုင်ရေးနှင့် လိုအပ်သည်များကို ပူးပေါင်းပါဝင် ဆောင်ရွက်သွားနိုင်ရေး ဝိုင်းဝန်း ဆွေးနွေးကြရန် ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များက နောင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်လူဦးရေစာရင်း ပြည့်စုံမှန်ကန်စွာ စာရင်းပြုစု ဖြည့်သွင်းနိုင်ရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းဆွေးနွေး တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)