မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ မင်းလှမြို့နယ် လယ်လှကျေးရွာ တောင်သူများ၏ စုပေါင်းချည်မျှင်ရှည်ဝါ ကောက်သိမ်းပွဲအား ကြည့်ရှုအားပေး

သရက် နိုဝင်ဘာ ၂၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ လယ်လှကျေးရွာ တောင်သူများ၏ စုပေါင်း ချည်မျှင်ရှည်ဝါ ကောက်သိမ်းပွဲသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်ဝင်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် အဖွဲ့ဝင်များက ယမန်နေ့ နံနက်ပိုင်းက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းချည်မျှင်ရှည် ကောက်သိမ်းပွဲ အခမ်းအနားကို စစ္စနို့-ကန်တုတ် ကျေးရွာ ချင်းဆက် လမ်းမဘေးရှိ တောင်သူ ဦးရွှေတိုး၏ စိုက်ဧက(၅)ဧကရှိ ရွှေတောင်(၈) ချည်မျှင်ရှည်ဝါ စံပြစိုက်ခင်းတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

စိုက်ကွင်းတွင် စိုက်ပျိုးထားရှိသည့် ရွှေတောင်(၈) အမျိုးအစား ချည်မျှင်ရှည်ဝါသည် တစ်ဧကတွင် အပင်ပေါင်း(၁၃၀၀)ပင် စိုက်ပျိုးနိုင်ပြီး အထွက်နှုန်းအနေဖြင့် ၄၈၇.၁၇ ပိဿာ ထွက်ရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည်       စုပေါင်းဝါကောက်သိမ်းနေသူများ၊ ဝါစိုက် တောင်သူများနှင့် တွေ့ဆုံပြီး အားပေးစကား ပြောကြားကာ ဒေသခံများ၏ တင်ပြချက်များ ဖြစ်သော ကျေးလက်ရေရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ မီးဘေးလုံခြုံရေး၊ ကျေးလက်ကျန်းမာရေး ဆေးပေးခန်းထားရှိ ပေးနိုင်ရေးတို့အပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ လယ်လှကျေးရွာ၏ အဓိကထုတ်ကုန် ပစ္စည်းတစ်ခုဖြစ်သည့် ချည်ထည်မျိုးစုံများ ပြသထားမှုအား ကြည်ရှုအားပေးခဲ့ပြီး  ကျေးရွာရှိ ကျောင်းသား၊ ကျောင်းသူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးနေမှု အခြေအနေနှင့် ရိုးရာ ချည်ထည်များ တစ်နိုင်တစ်ပိုင် ရက်ကန်းရက်လုပ် နေမှုများအား ကြည့်ရှုအားပေး၍ လယ်လှ ကျေးရွာနေ ပြည်သူများအား ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ၊  ဓလေ့ထုံးတမ်း အစဉ်အလာများကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ကြရန်နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ကျေးရွာသူ၊ ကျေးရွာသားများ က စုပေါင်း ဆောင်ရွက်ပေးသွားကြရန် ပြောကြား ခဲ့ကြောင်း သိရသည်။

ဇော်ဝမ်းထွန်း(အောင်လံ)