ချောက်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရေး ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်ခန်းများ လေ့ကျင့် သင်ကြားပေး

ချောက် ဩဂုတ် ၂၁

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ် အားကစား နည်းစနစ်မှူး ဒေါ်ဥမ္မာသင်း ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် ယမန်နေ့ နံနက် (၈) နာရီက  ချောက်မြို့နယ်၊ စလေမြို့ အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်စေရေးအတွက် Myanmar Fitness Dance အကနှင့် ကိုယ်လက် လှုပ်ရှား အားကစားနည်းစနစ်များကို လက်တွေ့သရုပ်ပြ လေ့ကျင့် သင်ကြား ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်စေရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားနည်းများ လေ့ကျင့် သင်ကြားပေးရာတွင် ရှေးဦးစွာ မြို့နယ်အားကစားနည်းစနစ်မှူး ဒေါ်ဥမ္မာသင်းက အားကစား လေ့ကျင့်မှုများ ပြုလုပ်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် အားကစား လေ့ကျင့်ခန်း ပြုလုပ်ရာတွင် လိုက်နာရမည့် ဆောင်ရန်ရှောင်ရန်များကို အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများကို Myanmar Fitness Dance အကနှင့် သွေးပူလေ့ကျင့်ခန်း အတွဲ (၁ )၊ (၂) ကိုယ်လက်လှုပ်ရှား အားကစားနည်းစနစ်များကို စနစ်တကျ လက်တွေ့သရုပ်ပြ လေ့ကျင့်သင်ကြားပေးရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစ်စား လေ့ကျင့်သင်ကြားခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်အားကစားနည်းစနစ်မှူး ဒေါ်ဥမ္မာသင်းနှင့် ဝန်ထမ်းများအဖွဲ့သည် အားလပ်ချိန်တွင် အားကစား လေ့ကျင့်နိုင်ရေးအတွက် ဘော်လီဘောကစားကွင်းနှင့် ပိုက်ကျော်ခြင်း ကစားကွင်းများကို ပြုလုပ်ဆောင်ရွက်ပေးပြီး လိုအပ်သော အားကစားပစ္စည်း များကို စလေမြို့၊ အထက(ပြ)ကာယဆရာမ ဒေါ်ထားထားစိုးထံသို့ ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။

မချို(ပြန်/ဆက်)