ပခုက္ကူပညာရေး ဒီဂရီကောလိပ်ကျောင်းတွင် နည်းပြ/သရုပ်ပြနှင့် အခြေခံပညာအဆင့် ကျောင်းဆရာ၊ ဆရာမများအား မွမ်းမံသင်တန်း သင်ကြားပို့ချ

ပခုက္ကူ   ‌နိုဝင်ဘာ ၂၅

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာ၏ ကြီးကြပ်မှုအောက်ရှိ  ပခုက္ကူပညာရေးဒီဂရီကောလိပ် နည်းပြ၊ သရုပ်ပြများနှင့် အခြေခံပညာအဆင့် အလယ်တန်း၊ လက်ထောက်မူလတန်းပြ ကျောင်းဆရာ၊ ဆရာမဝန်ထမ်းသစ်များအား သက်ဆိုင်ရာအတန်းနှင့် ဘာသာရပ်များအလိုက် ကျွမ်းကျင်စွာ သင်ကြားပို့ချ နိုင်စေရေးအတွက် သင်ကြား ရေး နည်းပညာဆိုင်ရာ မွမ်းမံသင်တန်းကို နိုဝင်ဘာလ ၈ရက်နေ့မှ စတင်ပြီး သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းကို ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ ၈ရက်နေ့မှ ဒီဇင်ဘာလ ၃ရက်နေ့အထိ သင်တန်းကာလ တစ်လကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး အသစ်ခန့်အပ်ထားသည့် နည်းပြ/သရုပ်ပြ ဆရာ၊ဆရာမ ၁၀ဦးအား စာသင်ခန်း တစ်ခန်း၊ အခြေခံပညာအဆင့် လက်ထောက်အလယ်တန်းပြဆရာ၊ဆရာမ ၂၅ဦးအား စာသင်ခန်း တစ်ခန်းနှင့် လက်ထောက်မူလတန်းပြ ဆရာ၊ဆရာမ ၁၅၂ဦးအား စာသင်ခန်းသုံးခန်း စုစုပေါင်းဆရာ၊ဆရာမ ၁၈၇ဦး တို့အား စာသင်ခန်း ၅ခန်းခွဲ၍ စတွေ့လက်တွေ့ စနစ်တကျသင်ကြား ပို့ချပေးလျက်ရှိကြောင်း၊ သင်တန်း ကာလအတွင်း လိုအပ်မည့် ကျောင်းသုံးပစ္စည်းများနှင့် ပါးစပ်နှင့် နှာခေါင်းစည်း(Mask)များကို မိမိဌာနနှင့် မကွေးတိုင်းဒေသကြီး အစိုးအရဖွဲ့တို့မှ ထောက်ပံ့ပေးကြောင်း၊ ထိုသို့သင်ကြားရာတွင်လည်း အတန်းပညာနှင့် ဘာသာရပ်များအလိုက် စနစ်သစ် သင်ရိုးညွှန်တမ်း များအပြင် ဝန်ထမ်းကျင့်ဝတ်များ၊ အရည်အချင်းပြည့်ဝပြီး အနာဂတ်တိုင်းပြည်အတွက် အမှန်တကယ် အကျိုးပြုသည့် အနာဂတ်မျိုးဆက်သစ်များ မွေးထုတ်ပေးနိုင်ရေး၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အမွေ အနှစ်များကို မြတ်နိုးထိန်းသိမ်းကာကွယ်စောင့်ရှောက်တတ်စေရေး၊ ခေတ်နှင့်အညီ တွေးခေါ်မျှော်မြင် ကြံဆပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ပညာရေးစနစ် ထွန်းကာလာစေရေးတို့အတွက်လည်း သင်ကြား ပေးလျက်ရှိကြောင်း ပခုက္ကူပညာရေးဒီဂရီကောလိပ် တာဝန်ခံကျောင်းအုပ်ကြီး ဒေါ်ခင်အေးမြင့်ထံက  သိရ သည်။

 

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)