မော်လမြိုင် နိုဝင်ဘာ ၂၅
မွန်ပြည်နယ်ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး အောင်ဆန်း ခန်းမတွင် ကျင်းပခဲ့ရာ မွန်ပြည်နယ် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကော်မတီဝင်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်သည်၊၊
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ် လုပ်ကိုင်မှု ကော်မတီမှ လုပ်ငန်းတာဝန်(၁၀)ရပ်ချမှတ် အကောင်ထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း၊ ခရိုင်နှင့်မြို့နယ် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံ အုပ်ချုပ်လုပ်ကိုင်မှု ကော်မတီများ အမြန်ဆုံး ဖွဲ့စည်းတာဝန်ပေးအပ်ရန်နှင့် လိုအပ်ပါက ဆပ်ကော်မတီများပါ ဖွဲ့စည်း ဆောင်ရွက်ကြစေလိုကြောင်း၊ ဗဟိုကော်မတီ၏ ပထမအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်အား ပြည်နယ်အနေဖြင့် လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ပင်လယ်ရေထု အတွင်းသို့ ပလပ်စတစ်ကဲ့သို့ စွန့်ပစ်ပစ္စည်းများစုပုံမှုကြောင့် အဏ္ဏဝါသက်ရှိ သတ္တဝါများ အစားအသောက်အဖြစ် မှားယွင်းစားသုံးမိခြင်းကြောင့် ခန္ဓာအတွင်း ဒဏ်ရာရခြင်း၊ အာဟာရ ပြတ်တောက်ခြင်း၊ အစာငတ်ခြင်းနှင့် နောက်ဆုံးတွင် သေဆုံးသည်အထိ ဖြစ်ပေါ်လျက်ရှိကြောင်း၊ စွန့်ပစ်ပစ္စည်းများ စုပုံဖုံးအုပ်ခြင်းကြောင့် သန္တာကျောက်တန်း ပင်လယ်မြက်ခင်း မြစ်ဝကျွန်းပေါ် သဲတောင်ကမ်းခြေနှင့် ဂေဟစနစ်များ ထိခိုက်ပျက်စီးစေကြောင်း၊ ကမ်းရိုးတန်းနှင့် အဏ္ဏဝါသယံဇာတ ကာကွယ် ထိန်းသိမ်းရေး ဆိုင်ရာ လုပ်ငန်းများ ပင်လယ်ရေထု ညစ်ညမ်းမှု ကင်းစင်ရေးဆိုင်ရာ လုပ်ငန်းများ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်၊၊
ထို့နောက် မွန်ပြည်နယ် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီ အတွင်းရေးမှူး ပြည်နယ်သစ်တော ဦးစီးဌာမှူးက ကော်မတီများ ဖွဲ့စည်းထားရှိမှုနှင့် အကောင်အထည်ဖော် ဆောင်ရွက်မှုလုပ်ငန်းများ တင်ပြပြီး ပြည်နယ်ဝန်ကြီးများနှင့် ကော်မတီဝင်များက အထွေထွေ ရှင်းလင်း ဆွေးနွေးချက်အပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးကြောင်း သိရသည်၊၊
ခရိုင်(ပြန်/ဆက်)