ခင်ဦး နိုဝင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စု၊ ရွှေပြည်သာကျေးရွာ၊ တောင်သူ ဦးညွှန့်ဝင်း၏ ကွင်းအမှတ် (၂၆၆၀) ရွှေတောင်(၁၀) ဝါမျိုး စိုက်ဧက (၂ ဒသမ ၅၀) တွင် ယနေ့ နံနက်ပိုင်းက မိုးနှောင်းဝါ စံပြကွက် ကွင်းသရုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ကွင်းသရုပ်ပြပွဲသို့ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်လှကြိုင်နှင့် ဝန်ထမ်းများ၊ ဝါစိုက် တောင်သူ(၂၆)ဦး တက်ရောက်ခဲ့ပြီး မိုးနှောင်းဝါ စံပြကွက် စိုက်ပျိုးထားရှိမှုနှင့် အောင်မြင် ဖြစ်ထွန်း နေမှုများကို လက်တွေ့ ကွင်းဆင်း ကြည့်ရှုခဲ့သည်။
ခင်ဦးမြို့နယ်တွင် ယခုနှစ်ဝါစိုက်ပျိုးတိုးတက်ရေးအတွက် ရွှေပြည်သာကျေးရွာတွင် ဝါကုန် ထုတ်အသင်း ဖွဲ့စည်းခဲ့ပြီး အသင်းသားဦးရေ(၂၁)ဦးနှင့် ဖွဲ့စည်းထားပြီး ဝါစိုက်ဧက(၇၆)ဧက စိုက်ပျိုးခဲ့ကြောင်း၊ ကျေးရွာတွင် ဝါ ပိဿာ(၁၀၀၀) ထွက်ရှိရေး နည်းပညာပေး စံပြကွက် အနေဖြင့် ဧက(၂၅)ဧက စိုက်ပျိုးခဲ့ပြီး တစ်ဧကလျှင် စိုက်ပျိုးစရိတ် တစ်သိန်းခွဲနှုန်းနှင့် မျိုးစေ့များကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနက ထောက်ပံ့ပေးခဲ့ကြောင်း၊ အသင်းမှ ဝါဈေးကွက် ဖော်ဆောင်ရေးအတွက် ကြိုးစားဆောင်ရွက်ပြီး ဝါများကို တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက် ကြမည်ဖြစ်ပြီး လာမည့်နှစ်တွင် ဝါမျိုးစေ့ထုတ်လုပ် ရောင်းချနိုင်ရေးအထိ ကြိုးစားဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရွှေပြည်သာ ကျေးရွာ ဝါကုန်ထုတ်အသင်း ကော်မတီဥက္ကဋ္ဌ ဦးညွှန့်ဝင်း၏ ပြောကြားချက်အရ သိရသည်။
စိုးဝေအောင်(ခင်ဦး)