ညောင်လေးပင် နိုဝင်ဘာ ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို စာအုပ် စာစောင်ပြပွဲကို ယနေ့ မွန်းလွဲ ၁နာရီ အချိန်က မြို့မ(၁)ရပ်ကွက်၊ အာဇာနည်လမ်းရှိ အခြေခံပညာ မူလတန်းလွန် ကျောင်း၌ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ စာအုပ်စာစောင်ပြပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးက အမျိုးသားနေ့ ပေါ်ပေါက်လာပုံ အကြောင်းအား ကျောင်းသားကျောင်းသူများ သိရှိစေရန် အဖွင့်အမှာစကားအနေဖြင့် ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နီနီဝင်းမှ စာအုပ်စာစောင် ဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသူ၊ကျောင်းသားများထံသို့ စာအုပ်များ၊ စာစောင်များ ငှားရမ်းပေးခဲ့ပြီး ကျောင်းသား ကျောင်းသူများက ပျော်ရွှင်စွာ တစ်ဦးနှင့်တစ်ဦး လဲလှယ်ဖတ်ရှုခဲ့ကြောင်း သိရသည်။