မြို့သစ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ဆက်လက်ထိုးနှံ

မြို့သစ်မြို့ နိုဝင်ဘာ ၂၅

တမူးခရိုင်၊ မြို့သစ်မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စည်းဝေးခန်းမနှင့် အခြေခံပညာ အထက်တန်းကျောင်းတို့၌ ယနေ့နံနက် ၉ နာရီအချိန်မှ စတင်ကာ မြို့နယ်အတွင်းရှိ သံဃာတော်များ၊ ဘာသာရေး ခေါင်းဆောင်များ အပါအဝင် လူမျိုး၊ ဘာသာမရွေး အသက် (၄၅)နှစ်အထက်နှင့် (၁၈)နှစ်အထက်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသားများ၊ နာတာရှည် ရောဂါအခံရှိသူများနှင့် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ဦးတည်အုပ်စုများ သတ်မှတ်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို   ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကာကွယ်ဆေး  တစ်ကြိမ်မျှမထိုးနှံရသေးသူများနှင့် (ပထမအသုတ်) ဒုတိယ အကြိမ် ထိုးနှံပြီးသူများအား သီးခြားစီခွဲ၍ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများက ကိုဗစ်-၁၉ကာကွယ်ရေး ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှု ရာခိုင်နှုန်း အပြည့်အဝရရှိစေရန် ရည်ရွယ်၍ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ၏   ဦးဆောင်မှုဖြင့် ထွေ/အုပ် ဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ မီးသတ်ဦးဌာနမှ တပ်ဖွဲ့ဝင်များနှင့်  စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍  ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံနိုင်ရေးနှင့်  ကာကွယ်ဆေးရောက်ရှိသည်နှင့်တစ်ပြိုင်နက် ဒေသခံပြည်သူများ   အဆင်ပြေ ချောမွေ့စွာ ထိုးနှံနိုင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့သစ်(ပြန်/ဆက်)