အင်္ဂပူမြို့နယ်တွင် သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း

အင်္ဂပူ နိုဝင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်အတွင်း ငါးသယံဇာတများ တိုးပွားပြီး ရေရှည်စဉ်ဆက်မပြတ် တည်တံ့စေရန်နှင့် ငါးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ငါးမျိုးစိုက်ထည့်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ လမ်းညွှန်မှု၊ ခရိုင် ငါးလုပ်ငန်းဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ယနေ့ နံနက် ၉နာရီက သဘာဝ ရေပြင်ဖြစ်သော ဆုံကုန်းကျေးရွာအုပ်စုရှိ ငဝန်မြစ်အတွင်းသို့ ငါးမြစ်ချင်း၂ လက်မအောက်ခံ ကောင်ရေ ( ၁ )သိန်း( ၅ ) သောင်းအား မျိုးစိုက်ပေးခဲ့ကြောင်း သိရသည် ။

အဆိုပါအခမ်းအနားသို့ ဟင်္သာခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးတင့်လွင်၊ အင်္ဂပူမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များ၊ မြို့နယ်ငါးလုပ်ငန်းဦးစီး ဌာနမှူးဒေါ်မော်မော်ဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်နှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သန္တာဌေးနှင့်အဖွဲ့ဝင်များ၊ ငါးလုပ်ငန်းစခန်း တာဝန်ခံနှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တက်ရောက် ခဲ့ကြောင်း သိရသည် ။

နှစ်စဉ်ငါးမျိုးများ စိုက်ထည့်ပေးခြင်းကြောင့် ငါးသယံဇာတများပေါများလာစေပြီး၊ ကျေးလက်နေ ပြည်သူများ ရေရှည်စားသုံးနိုင်ပြီး ငါးထုတ်လုပ်မှုများ တိုးတက်လာစေနိုင်မည် ဖြစ်ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီး ဌာနမှသိရသည် ။

မန်းကျော်