ငဖဲမြို့ ကျောင်းတွင်းရပ်ကွက်တွင် မျက်နှာချင်းဆိုင် ဆိုင်ကယ်တိုက်မိပြီး ကျောင်းသူတစ်ဦးသေဆုံး

ငဖဲ နိုဝင်ဘာ ၂၅

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ကျောင်းတွင်းရပ်ကွက်တွင် ယနေ့နံနက် ၈နာရီ ၃၀မိနစ်အချိန်ခန့်က မျက်နှာချင်းဆိုင် ဆိုင်ကယ်တိုက်မိပြီး (၇)တန်းကျောင်းသူ တစ်ဦးအခင်းဖြစ်နေရာတွင် သေဆုံး သွားကြောင်းသိရသည်။

ဖြစ်စဉ်မှာ ယနေ့နံနက် ၈နာရီခွဲ အချိန်ခန့်က ငဖဲမြို့ ကျောင်းတွင်းရပ်ကွက် ပဒါန်း-ငဖဲကားလမ်း ပေါ်တွင် ဆိုင်ကယ်တိုက်မှုဖြစ်ပွားကြောင်းသိရှိရ၍ ငဖဲမြို့မစခန်းမှ တပ်ဖွဲ့ဝင်များ၊ ကျောင်းတွင်းရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများက အခင်းဖြစ်နေရာသို့သွားရောက် စစ်ဆေးရာ (အထက−ငဖဲ) ကျောင်းတွင်းရပ်ကွက်နေသူ (၇)တန်းကျောင်းသူနှင့် (၂)တန်းကျောင်းသူ မောင်းနှင်လာသော ဆိုင်ကယ်အား တစ်ဖက်ယာဉ်ကြောရှိ ဆည်တော်ကျေးရွာ ပွင့်ဖြူမြို့နယ်နေသူ အမျိုးသား(၂)ဦး  မောင်းနှင်လာသော ဆိုင်ကယ်မှ  ဝင်ရောက်တိုက်မိခဲ့ရာ (၇)တန်းကျောင်းသူမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ကျန်သူများမှာ အသီးသီးဒဏ်ရာများ (မစိုးရိမ်ရ)ရရှိ၍ ငဖဲမြို့ ပြည်သူ့ဆေးရုံသို့ တက်ရောက်ကာ ဆေးကုသမှုခံယူလျက်ရှိသည်။

သို့ဖြစ်ရာ ဆိုင်ကယ်မဆင်မခြင်မောင်းနှင်ပြီး တစ်ဖက်ယာဉ်ကြောမှဆိုင်ကယ်အား ဝင်ရောက်တိုက်မိသူ အမျိုးသားအား ငဖဲမြို့မရဲစခန်းတွင် အမှုဖွင့်လှစ်၍ အရေးယူဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

မယု (ငဖဲ)