ငဖဲမြို့မဈေးမီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် ဈေးဆိုင်များကို ကွင်းဆင်းစစ်ဆေးပြီး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ငဖဲ နိုဝင်ဘာ ၂၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကင်းဝေးစေရန် ရည်ရွယ်ကာ မြို့မဈေး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၇ နာရီက ငဖဲမြို့မဈေးအတွင်း ဈေးရောင်းချနေကြသည့် ဈေးဆိုင်ခန်းများအား ဝင်ရောက်ကြည့်ရှု စစ်ဆေးပြီး အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။

ထိုသို့စစ်ဆေး ဆောင်ရွက်ရာတွင် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းလှိုင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးနိုင်လင်းဦးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေး အဖွဲ့အမှူဆောင်အရာရှိ ဒေါ်မော်မော်လွင်နှင့် ဝန်ထမ်းများ၊ စည်ပင်သာယာရေး ကော်မတီဝင်များ၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးအောင်ကျော်မင်းနှင့် ဝန်ထမ်းများ ပါဝင်သောပူးပေါင်းအဖွဲ့မှ ဈေးဆိုင်ခန်းများ စစ်ဆေးရာတွင် ဆိုင်ခန်းများ၌ လျှပ်စစ်မီးများ စနစ်တကျ သွယ်တန်းထားမှု ရှိ၊မရှိ၊ မီးသတ်ဆေးဘူးများ ထားရှိရေးနှင့် မီးသုံးစွဲပြီးပါက မီးဖိုမှမီးကြွင်းမီးကျန်များကို စနစ်တကျ ငြှိမ်းသတ်ထားရှိရေးတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး မီးကြိုးများ သွယ်တန်းရာတွင် ဝပ်အားလျော့နည်းသည့် မီးကြိုးများကို မသုံးဘဲ တောင့်တင်းခိုင်မာသော ဆားဗစ်ကြိုးများကို သုံးစွဲရန်၊ ဟောင်းနွမ်းသော မီးပလပ်ခုံများနှင့် မီးကြိုးများမသုံးစွဲရန်၊ မီးသတ်ဆေးဘူးများကို လွယ်လင့်တကူ လှမ်းယူနိုင်သည့် နေရာတွင် ထားရှိရန်နှင့် ဈေးဆိုင်ခန်းများ ပိတ်ချိန်တွင် မီးများပိတ်ပြီး မိန်းခလုတ်များ ပိတ်ခဲ့ရေးတို့ကို မီးဘေးအန္တရာယ်ကင်းဝေးစေရေး ကြိုတင်၍ အသိပညာပေး ပြောကြားခဲ့ပြီး လျှပ်စစ်အန္တရာယ်ကင်းဝေးရေးနှင့် မီးဘေးအန္တရာယ်ကင်းဝေးရေး အသိပညာပေး လက်ကမ်း စာစောင်များကို မြို့မဈေးမှ ဈေးဆိုင်ပိုင်ရှင်များနှင့် ဈေးဝယ်လာ ပြည်သူများအား အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

မယု (ငဖဲ)